မင်္ဂလာပါခင်ဗျာ ဒီ ဘလော့ဂ်လေးကိုလာရောက်ကြည့်ရူ့ကြသူအပေါင်းကို ကျနော် သာကီမင်းသားလေး မှ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ

Friday, 25 January 2013

ဗေဒါလမ်း (၁၈ ) ပွင့်ဖူးတံချီ

*အပြာမှာ  အဝါကွက်ကယ်နဲ့ ၊ ဝိုင်းစက်စက်  ရွက်ငယ်ရှင်
  မဗေဒါ  ပင်လယ်အောက်က ၊ ချောင်းပေါက်ကို ဝင် ။
   ချောင်းတစ်လျှောက် မယ့်လမ်းစဉ် ၊ ယဉ်ပေစွတကား ။
   ဗေဒါဆွေ ဒီရေထဲမှာ  ရဲပေစွတကား ။

* ရေဆိပ်မှာတဲ့  ညံစီစီ ။
   ပျိုလေးတွေ လက်တစ်ကမ်း ၊ ပန်း  ဆန်ခဲ့ပြီ ။
   လှမ်းကြပေါ့ မီ့တမီ ၊ ကံသီလို့  တကတဲ ။
   ဗေဒါပျံ  ကံကကြီး ၊ ရေစီးကြောင့်   လွဲ ။

* ခရုပတ်  ဝဲငယ်ငယ်
   ဗေဒါဆွေ  ဒီရေကွေ့မှာ ၊ ပြေးတွေ့ရတယ် ။
   မဖြစ်လို့  နှစ်တွယ်တွယ် ၊ ဝဲလယ်က  အနွဲ့။
   မဗေဒါ  ပတ်ချာလှည့် ၊ လွှဲထွက်နိုင်ခဲ့ ။

* လောင်းစပ်က  ခတ်တက်ပြင် ။
   ရေဆန်မှာ  စုန်မဆိုင်း ၊ လှိုက်ယက်ပန်း  ဆင် ။
   လှေဦးက  ဘီလူးဝင် ၊ လျင်နိုင်မှ  လွတ်မြဲ
   ဗေဒါပျံ  လှေနံယိမ်း ၊ တိမ်းခဲ့သည်ပဲ ။

* ချောင်းဖျားက ငါး  ငါးဖျံ ။
   လတာရောင်  အကောင်သေး ၊ မှေးလိုက်ခဲ့ပြန် ။
   ဗေဒါက  ဖောင်သဏ္ဍာန် ၊ ငါးဖျံက  ဖောင်စီး ။
   ပြာဝါရောင် ဘယ်မညိုး ၊ ပိုးခဲ့  မညည်း ။
   ပွင့်ဖူးတံ  တချီချီနဲ့
   ဗေဒါရီ  ဒီရေကြောမှာ ၊ မျောတတ်လေခြင်း ။

   *    *     *     *      *

     (၁၉၅၉- ၁၉၆၀ )

ဗေဒါလမ်း (၁၇) ဗေဒါနှင့်ကျူပင်

* မဗေဒါ ၊ ဆန်လာပေါ့  အပြင်း ။
   ချောင်းကျယ်ကျယ် အလယ်ကျွန်း ၊ ရေမွန်းလိုက်ရင်း ။

* ဗေဒါဆွေ ၊ စုန်ရေနှင့် ပြန်ဆင်း ။
   ချောင်းကျယ်ကျယ် အလယ်ကျွန်း ၊ သောင်ထွန်းလိုက်ရင်း ။

* မဗေဒါ ၊ ဆန်လာပေါ့  အတင်း ။
   နုန်းနှစ်  လတာပြင်က
   ညောင်ညိုပင်  မြစ်ပါးပျဉ်း ၊ ပုန်းရပြန်ရင်း .။

* ဗေဒါဆွေ ၊ စုန်ရေနဲ့  ပြန်ဆင်း ။
   နုန်းနှစ်  လတာပြင်က
   ညောင်ညိုပင် မြစ်ပါးပျဉ်း ၊ ခေါင်းဖော်လိုက်ရင်း ။

* ကျူပင်ရိုးမှာတော့ ၊ ယိမ်းထိုးရ  တခါခါ ။
   မဗေဒါ  စုန်ဆန်မျော ၊ မောတဲ့နေရာ ။
   လွှဲလိုက်ရ ဘယ်နဲ့ညာ ၊ ရိုးတံညှာ  ရွက်စိမ်း ။
   ယိုင့်တယိုင်  ဒီရေစီးကို ၊ သည်းခံလို့ယိမ်း ။
    
      *     *        *        *        *

                    (၁၉၅၉- ၁၉၆၀)

Thursday, 24 January 2013

စီးသွားသော ပုလဲငွေရည်

အမေ.........
လောကကြီးတိတ်ဆိပ်
အမေလည်း အိပ်နေရော့ပေါ့......
အမေ့ရဲ့လက်မောင်း
သားခေါင်းအုန်းပြုလျက်
အိပ်စက်ခဲ့တဲ့ရက်တွေကို 
သားလေ....သတိရလိုက်တာလွန်ရော
အမေလည်း....သတိရမှာပေါ့နော်
အမေ့ကိုထား
ပြစ်မသွားခင်မှာ
မှာတမ်းချွေနေတဲ့ အမေ့စကား
သားကြားယောင်နေတယ် အမေရယ်...
ပြီးတော့လေ........
စီးသွားသောပုလဲငွေရည်ကြောင့်
အမေ့ပါးက သနပ်ခါး
မှုန်ဝါးဝါးသာကျန်လို့
သားရင်မှာ ဆို့နင့်ခဲ့ရတယ် အမေရယ်...........။
          24.1.2013
              သာကီမင်းသားလေး

အမေသို့...တမ်းချင်း

အမေ.........
သားသတိရလိုက်တာ အမေရယ်
ခလုတ်ထိမှ အမိတတယ်လို့ပဲ
အမေပြောမှာလား.....
သတိရတာတော့ အမှန်ပါ...
အမေနဲ့ဝေးကွား
တနယ်တကျေးမှာ
ပညာသင်နေတဲ့ အမေ့သား
ဘာများမှားခဲ့လို့လဲ...?
မှားပါတယ်အမေ...
အမေ့ကိုထား
ပြစ်သွားခဲ့လို့
သားလေးမှားခဲ့ပါတယ်....
ပညာတွေစုံ
ဘွဲ့ထူးဂုဏ်ဆွတ်ခူးလို့
ကြည်နူးနေတဲ့ အမေ့မျက်နှာ
လပြည့်ဝန်းပမာ
ကြည့်ရတာ ရင်အေးလိုက်တာ အမေရယ်....
လပြည့်ဝန်းလို
အိချွန်းနေတဲ့ အမေ့မျက်နှာ
နောက်နှစ်တွေမှာလည်း သားလေးမြင်ချင်တယ်
မြင်ပါရစေလို့
တောင်းဆုချွေနေတယ်လေ....
အမေ့ကျေးဇူး
မြင့်မိုရ်ဦးကို
ဆွတ်ခူးသည့် ဘွဲ့ထူးနှင့်
သားလေး ကျေးဇူးဆပ်ပါရစေ အမေရယ်........။
                                  24.1.2013

Friday, 18 January 2013

သက်သေတည်စေ

                                                           ၁

               ရာသီကား မိုးရာသီ၏ နောက်ဆုံးရက်ဖြစ်သည်။မိုးကုန်လို့ဆောင်းကူး မြောက်ပြန်လေမြူးကာ
တစ်မျိုးကြည်နူးစရာ ကောင်းနေသည်။ ဝသန္တ မိုးလရာသီ၏ နောက်ဆုံးနေ့ရက်မို့ ထင်ပါရဲ့ ကောင်းကင်မှာ
မိုးတိမ်တွေညို့ကာ အညိုးနှင့် ရွာမည့်အသွင်ဆောင်နေသည်။ သို့သော်..ရွာတော့ဖြင့် မရွာ ။ဥတ္တရလေပြေ
ညှင်းကလည်း ဟေမန္တဆောင်းရာသီ၏ အကြိုအနေဖြင့် လေပြေသွေးကာ လူကိုချမ်စိမ့်စိမ့်ဖြစ်စေသည်။
အချိန်ကား တန်ဆောင်မုန်းလပြည့်နေ့ည ၊တစ်မျိုးခေါ်ရသော် ဆေးပေါင်းခတဲ့ည ။
ဤညကို ဆေးပေါင်းခတဲ့ညဟု ဟိုးယခင်ကတည်းကိုက အခုချိန်ထိတိုင်အောင် ခေါ်ဆိုခဲ့ကြသည်။နောင်ကို
လည်း ယခုကဲ့သို့ပင် ခေါ်ဆိုပေဦးမည်။ မှန်ပါသည် ။ ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်ညဆိုရင်
ကျနော် ပျော်သည်။ အထူးသဖြင့် ကျနော်တို့ မိတ္ထိလာမြို့ကလေးမှာ ပိုလို့ပင် ပျော်ရွှင်စရာကောင်းသည်။
ကျနော်ကဲ့သို့ပင် မြို့သူမြို့သားများလည်း ပျော်ကြသည်။ ကန်ဦးရပ်ကွက် ဝမ်းတော်ပြည့်ဆရာတော်၏
ဓာတ်တော်ပူဇော်ပွဲ ဆီမီးတစ်ထောင် ပန်းတစ်ထောင်ပူဇော်ပွဲမှာလည်း ပျော်စရာကောင်းလှသည်။
 သာ၍ပျော်စရာ ကောင်းသည်ကား ကျနော်တို့မိတ္ထီလာမြို့၏ အထင်ကရဖြစ်သည့် ကန်တော်ကြီး၏
ရေလည်ဘုရားတွင် ဆီမီးပူဇော်ရခြင်း ၊ကန်ထဲမှာ ဆီမီးလွတ်ခြင်း ကြာပန်းလွတ်ခြင်းတို့ပင်ဖြစ်သည်။
ကန်ဘောင်ပေါ်မှာလည်း သွားသူကသွား ၊ လာသူကလာ ၊ တစ်ချို့ကလည်း ကြာမီးပန်းတွေကြည့်နေကြ
သဖြင့် ကြိတ်ကြိတ်တိုးကာ  စည်ကားနေတော့၏ ။
             တဖြေးဖြေးနှင့် အချိန်နှောင်းလာသဖြင့် လူသူနည်းပါးလာ၏ ။ကျနော်လည်း တံတားပေါ်မှနေပြီး
တောင်ဘက်ကန်ကိုမျက်နှာမူကာ တစ်မျှော်တစ်ခေါ်ကြည်ရှု့မဆုံးသော ကန်တော်ကြီးကိုကြည့်ပြီး
လေကောင်းလေသန့်ရူနေ၏ ။လပြည့်ညဖြစ်သဖြင့် ကောင်းကင်မှ ငွေလစန္ဒာမှာလည်း ထိန်ထိန်သာနေ၏။
ကျနော်လည်း ကောင်းကင်းမှ လပြည့်ဝန်းကြီးကိုကြည့်လိုက် ၊ ကန်ရေပြင်ကိုကြည့်နှင့်မှင်သက်မိနေသည် ။
နောက် စိတ်ကို လေနှင်ရာသို့ စေလိုက်သည်။” သြော်...ကောင်းကင်မှ လမင်းကြီးသည် နံနက်မိုးသောက်
အလင်းမရောက်မှိ လူသားအားလုံးအား စိတ်၏ ကြည်လင်အေးမြခြင်းကို ပေးစွမ်းနိုင်သည် ။
မနုဿတ္တဘာဝေါ ဒုလ္လဘော ရခဲလှစွာသော လူ့ဘဝကို ကျနော်ရလာခဲ့သည်။ ကျနော်လည်း လူသားအား
လုံးကို နုတ်ဆက်မသွားခင်မှာ လောကကြီးကို အကောင်းဆုံးနေပြသွားချင်သည်။ ကျနော်၏ အကောင်းဆုံး
သော နေခြင်းကို လောကကြီးအား သက်သေအရာ၌ တည်စေမည် ။ ကျနော်၏ အသက်ရှင်ခြင်း ၊ အသက်
ရှည်ခြင်း၌ လူလို အသက်ရှည်ရမည် ”။ ထိုအခိုက် အမျိုးသမီးတစ်ယောက်၏ ဆူးဆူးဝါးဝါး အော်သံကို
ကြားလိုက်ရတော့သည် ။

                    ×                   ×                ×                     ×
                                                          ၂
                  "တော်သေးတာပေါ့...သီးလေးရယ် သူဇာရယ်..၊ မသေကောင်း မပျောက်ကောင်း' ဟိုသူငယ်သာ..မကယ်ရင် အမလေးလေး အမေတော့ ရင်ကျိုးရချည်ရဲ့."ဟု မိခင်ဖြစ်သူ ဒေါ်ခင်မြတ်နွယ်
ဆိုလေသည်။
"သို့နှယ် သူငယ်လေးနာမည်က ဘယ်လိုခေါ်သလဲ သမီးကြီး"
မမေးလိုက်ရဘူးမေမေ ညီမလေး သူဇာကို ရေထဲကဆယ်ပြီး ၊သူဘာမှ မဖြစ်ပါဘူး ၊ သတိလည်း မလစ်ပါဘူး" လို့ ပြောပြီးထွက်သွားတာပဲ မေမေဟု ခင်လေးသွယ် ပြောပြလိုက်သည်။ 
"ညည်းတို့အေ ကိုယ့်အသက်သခင် ကျေးဇူးရှင်ကို  ဘယ်မှာနေတယ် အသာထား နာမည်လေးတောင်
မေးဖော်မရဘူး" ဟု ပြစ်တင်ပြောဆိုလေသည်။ " ကဲ...သမီးတို့ ရေလည်ဘုရားကို သွားဖူးကြမယ်"
"ဟုတ်...မေမေ" လို့ ခင်လေးသွယ် ပြောလိုက်သည်။ ရေလည်ဘုရားသို့ ရောက်သောအခါ ဒေါ်ခင်မြတ်နွယ်သည် ကန်သမိုင်းကို ပြောပြလေ၏။
"သူဇာနွယ်...အလန့်တကြားနဲ့ အော်လေသည်..မေမေ..ဟိုမှာ ...ဟိုမှာ..။
ဘာလဲ...သမီး.။ သမီးရေနစ်တုန်းက ကယ်သွားတဲ့လူ..။ ဘယ်မှာလဲ..သမီးငယ်..။
ဟိုမယ်လေ...မေမေ...အထက.၁. ကျောင်းနောက်ကျောက ကန်ပတ်လမ်းမှာ မယ်ဒလင်တီးနေတာလေ"
ဟု သူဇာနွယ်က ပြောလိုက်၏ ။
"ကဲ...သမီးတို့ ...ကျေးဇူးရှင် သူငယ်လေးဆီကို ...သွားကြမယ်" ဟု ဒေါ်ခင်မြတ်နွယ် ပြောလိုက်သည်။
စွဲမိပါပေါ့×××ခင်ရယ်××× ချစ်လို့ကို×××ဘယ်မဝနိုင်တော့တယ်×××မပြောပဲနဲ့××ကြားကြားမိတယ်
မျက်စိထဲမယ်×××တဝဲလည်လည်×××မကြည့်ဘဲနဲ့ကို×××အဆင်ပြေနေပြန်တော့တယ်×××
အုန့်ပုန်းချစ်×××တစ်ရက်လောက်ချစ်ရတာတွေရယ်×××လင်မယားချစ်×××တစ်သက်လိုက်လို့မမှီပါတယ်
ရွာပုံသာတယ်×××စဉ်းစားလေလေ×××မချိလေပါပဲခင်ရယ်×××ရာဇာဝင်းတင့်ရဲ့
အုန်းပုန်းချစ်သီချင်းကို ဆွေးမြှေ့သံဖြင့်သီဆိုနေ၏ ။ "အဟမ်း...အဟမ်း" ဟု ဒေါ်ခင်လေးနွယ် ချောင်းဟန့်
သံပေးလိုက်သဖြင့် ရပ်သွား၏ ။ "သူငယ်လေးက အဒေါ်သမီးကို ကယ်လိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်
ကွယ်.."ဟုတ်ကဲ့...ရပါတယ် အန်တီ...လူ့အသက်တစ်ချောင်းကို ကယ်ကောင်းပါတယ် ။အယ့်နေရာမှာ
အန်တီသမီး မဟုတ်ပဲ တစ်ခြားတစ်ယောက်ဆိုရင်လည်း ကျနော် ကယ်မှာပါ။ ထိုအခိုက် သူဇာနွယ်
မှဲ့ပြုံး ပြုံးလိုက်သည်။ ဒါနဲ့ သူငယ်လေး...နာမည်က ဘယ်လိုခေါ်သလဲကွယ့်...နောက် ဘယ်မှာနေတာလဲ...
ဟုတ်ကဲ့...ကျနော့်နာမည် ကိုကိုမောင်လို့ ခေါ်ပါတယ် အန်တီ..။ကျနော် နဂါးရုံကျောင်းတိုက်ထဲက
ဦးလေးဘုန်းကြီးကျောင်းမှာနေပါတယ်..။ သူငယ်လေ...ကျောင်းရော တက်သေးလား..။ ဟုတ်...အန်တီ
ကျနော် တတိယနှစ် မြန်မာစာအထူးပြုနဲ့တက်နေပါတယ်..အော် ...ဒါဆို အန်တိ သမီးငယ်သူဇာနဲ့တူတူပေါ့
ဒါနဲ့...ဒါ...အန်တိသမီးငယ်...သူဇာနွယ် တဲ့..၊ ဒါကတော့ သမီးကြီး...ခင်လေးသွယ်...လို့ ခေါ်ပါတယ်။
လူလေး...မှတ်ထားနော် ၊ လမ်းတွေ့လည်း နုတ်ဆက်ပါ...။ ဟုတ်ကဲ့ပါ..အန်တီ..ကျနော်မှတ်ထားပါ့မယ်ဟု
ကိုကိုမောင် ပြောလိုက်၏ ။ အော်...ဒါနဲ့ ...အန်တီတို့အိမ်က ပထမလမ်းမတော် ..ရွှေအုန်းပင်စားသောက်
ဆိုင်နားမှာကွယ့်...။လူလေး...အားတဲ့အခါ လာလည်ပေါ့ကွယ်...။ဟုတ်ကဲ့...ဟု ကိုကိုမောင် ခေါင်းညိမ့်ပြီး
ပြောလိုက်၏ ။ ဒါဆို...အန်တီတို့ ပြန်အုန်းမယ်နော် ။ဟုတ်ကဲ့ပါ..အန်တီ ။ ဟဲ့...သမီးငယ်.နုတ်ဆက်လိုက်လေ..။ဟို....ဟို....ကိုကိုမောင်...သူဇာတို့...ပြန်အုန်းမယ်နော် ။
ဟုတ်ကဲ့ပါ...ဟု နုတ်မှမပြောသော်လည်း မျက်နှာလေးကို သေချာကြည့်ပြီး ခေါင်းညိမ့်လိုက်၏ ။ ထို့နောက်
ကိုကိုမောင်တစ်ယောက် ကြည့်ရှု၍ မဆုံးသော ကန်ရေပြင်ကို ငေးမောရင်း ကျန်ရစ်နေတော့သည် ။
                          ×                 ×               ×                        ×  

                                                                                ၃

                        အတန်းဆင်းချိန်ဖြစ်သောကြောင့် တက္ကသိုလ်မိန်းထဲမှာ ကျောင်းသူကျောင်းသားတွေ
သွားလာလှုပ်ရှားနေကြသည်။ ကိုကိုမောင်နှင့် မောင်ဇော်ဝင်းတို့  သူငယ်ချင်းနှစ်ယောက်လည်း  လမ်းလျှောက်ရင်း စကားပြောပြီး နဂါးရုံကျောင်းဆီသို့ ပြန်လာသည်။ ထိုတွင် မောင်ဇော်ဝင်းက မေးလိုက်၏ ။ " ကိုကိုမောင် တက္ကသိုလ်ဆိုတဲ့ အဓိပ္ပါယ်ကို မင်းဘယ်လို ဘာသာပြန်မလဲ..?။ ကိုကိုမောင်လည်း
မောင်ဇော်ဝင်း အမေးကို တခဏတွင်းဖြေလိုက်၏ ။" တက္ကသိုလ်ဆိုတာ တက္ကသီလဆိုတဲ့ ပါဠိပုဒ်ဖြစ်တယ်
ပါဌ်ပျက်အနေနဲ့ တက္ကသိုလ်လို့ ခေါ်တာ ၊ တက္က သီလဆိုတဲ့ ပါဠိဟာလည်း  တက္ကတစ်ပုဒ် သီလတစ်ပုဒ်ပဲ ။
တက္ကပုဒ်က အတွေးအကြံလို့ အဓိပ္ပါယ်ရတယ် ၊ သီလကတော့ အကျင့် ၊ အလေ့အကျင့်လို့  အဓိပ္ပါယ်ရတယ်။
အဖြောင့်ဘာသာပြန်ရင် အတွေးအကြံတွေကို လေ့ကျင့်ပေးတဲ့နေရာဋ္ဌာနလို့ အဓိပ္ပါယ်ပြန်တယ် ၊ ဒါကိုပဲ
ပါဠိပုဒ်ပျက် အခေါ်အဝေါ်အားဖြင့် တက္ကသိုလ်လို့ခေါ်ကြတယ် ။ တကယ်တော့ တက္ကသိုလ်အထက်မှာ
ဘာမှမရှိရဘူး ၊ အစိုးရလည်း မရှိရဘူး ။ ပညာရှင်သာ ရှိရတယ် ။ ထိုအခိုက် တွီ...တွီ..ဟူသော ကားဟွန်းသံ
နှင့်အတူ အနားလာရပ်သည်။  " ကားမှန်ကိုချရင်း သူဇာသည် ရှင်...ရှင်.ဟု ဆက်မပြောပဲ ထစ်နေသည်။
ဟုတ်ပါတယ်...ကျနော် ကိုကိုမောင်ပါဟု သူ့ကိုယ်သူ ပြန်မိတ်ဆက်ပေးလိုက်သည်။
" ရှင် ညနေခင်း ငါးနာရီးအားသလား ...ဟုတ်...ကျနော် အားပါတယ် ..ဟုပြောရင်း သူဇာနွယ်မျက်နှာကို
သေချာလေး စိုက်ကြည့်လိုက်သည်။ ဒါဆို...ကန်ပတ်လမ်းကို လာခဲ့ပါ့လား ကျမတို့ လမ်းလျှောက်ရင်း
စကားပြောကြတာပေါ့...ဟု သူဇာနွယ် ပြောလိုက်၏ ။ ဟုတ်ပြီလေ...ကျနော် လာခဲ့ပါ့မယ် ဟု ကိုကိုမောင်
ပြန်ဖြေလိုက်သည်။  " ဒါနဲ့ ရှင်..မယ်ဒလင် တီးတတ်တယ် မဟုတ်လား ၊ အင်းလေ...ကျနော် တီးတတ်ပါတယ်
ဒါဆို...မယ်ဒလင်လည်း  ယူခဲ့ပါလား ။ ရှင်ဆိုတာကို ကျမ နားထောင်ချင်လို့ ပါ ။  ကောင်းပြီလေ...ကျနော်
ယူခဲ့မယ် ။ ညနေခင်း ...ငါးနာရီနော် မေ့မနေနဲ့ဦး ...လို့ ပြောပြီး ကားမောင်းထွက်သွားတော့သည်။
" ယဉ်မူငယ်ရာ သူဇာနတ်လော၊ မြင်သူမောလို့ ၊ နွယ်ကျော့နုပျို ၊ခရာပိုငယ် ၊ တာလိုများသဘင် ၊ ရှု့တိုင်းသာယဉ်လော့ ၊ ငါးအင်ကျော့ စုံညီငယ် ၊ ဒုမ္မနီတော့တပါးဟာမို့ ရှားလှတယ်လေး"ဟု ကိုကိုမောင်
နုတ်မှညည်းကာ ကျန်ခဲ့လေတော့၏ ။
                                           ×                        ×                          ×                          ×
                   ကိုကိုမောင်နှင့်သူဇာတို့ လမ်းလျှောက်စကားပြောပြီးနောက်  ယူကလစ်ပင်မှ ကန်ထဲသို့
သွယ်ကျနေသော ရေသောက်မြစ်ပေါ်မှာ ထိုင်ပြီး စကားပြောနေကြပြန်သည်။ သူဇာသည် ထိုင်နေရာမှ
ထသွား၏ ၊ ကန်စ ရေကြည်ထဲမှ ကျောက်စရစ်ခဲကလေးပေါ်မှာရပ်ရင်း ခြေထောက်ကို ကြည့်နေမိသည်။
"ကိုကိုမောင်...အမလေး...ရှင့်နာမည် ခေါ်ရတ်ာလည်း မလွယ်ပါ့လားနော် ။ ရပါတယ် သူဇာ အဆင်ပြေသလို
ခေါ်ပါ ၊ ကိုကို လို့ပဲခေါ်ခေါ် ၊ ဟို...မောင်လို့ပဲခေါ်ခေါ်ပေါ့ ။ အဆင်ပြေတာကို ခေါ်နိုင်ပါတယ် ။
" အရေးထဲ..ရှင်က...အသားယူနေပြန်သည်...ဟုပြောကာ ကိုကိုမောင်မျက်နှာကို သေချာစိုက်ကြည့်လိုက်
သည်။  "ကျမ...ဟို...ကိုကို့ ကို ကျေးဇူးတင်ပါတယ်လို့ ထပ်ပြီးပြောပါရစေရှင် ။ သြော်...ကိုကိုပြောခဲ့ပါပြီကော
ကိုကို ကယ်လိုက်လို့ သူဇာ အသက်ရှင်သန်ခွင့် ရလာတယ် ။ဒါပေမယ့်  ...လူလို အသက်ရှည်ဖို့ဆိုတာ
လိုလိမ့်မယ်။ ဆရာကြီး ဦးအောင်သင်းက ပြောတယ် " လူလိုအသက်ရှည်ဖို့ဆိုတာ တာဝန် သိရမယ်
တာဝန် ယူဝံ့ရမယ် ၊ တာဝန်ဆောင်ရမယ် ၊ ဒီလိုပြောတယ် ။ တာဝန်သိရမယ်ဆိုတာက ကိုယ်ကျင့်ရမည့်
တရား ၊ကိုယ်ကျင့်တရားကို ဆိုလိုတာပဲ ။ ဥပမာကွာ...မိဘက မိဘကျင့်ရမည့် တရားရှိသလို သားသမီးလည်း  သားသမီးကျင့်ရမည့်တရားရှိတာပဲ စသည်ဖြင့်ပေါ့ ဒါကိုပဲ ကိုယ်ကျင့်ရမည့်တရား ကိုယ်ကျင့်တရားလို့  ဆိုတာပဲ သူဇာ ။လေးနက်စွာပြောနေသော ကိုကိုမောင်ကို  သူဇာ သေချာစိုက်ကြည့်
မိပြန်သည်။  နောက် တာဝန်ယူဝံ့ရမယ် ...ဒါကတော့ ရှင်းပါတယ် ၊ သတ္တိကိုပြောတာပဲ ။ သတ္တိရှိမှသာလျှင်
တာဝန်ကို ယူရဲတာ။  တာဝန်ဆောင်ရမယ်ဆိုတာ ပညာကိုပြောတာပဲ ။ ပညာတတ်မှ ပညာရှိမှ တာဝန်ကို
ဘယ်လို ကျေပွန်စွာ ဆောင်ရမည်ဆိုတာ နားလည်နိုင်တာပဲသူဇာ ။" အခုပြောခဲ့တဲ့ သုံးချက်ဟာ လောကီ
ဘက်ကနေကြည့်ပြီးပြောတာနော် ။ တစ်ခါ လောကုတ္တရာဘက်ကနေ ပြန်ကြည့်လိုက်ရင် သီလ၊ သမာဓိ ၊
ပညာကို  ဒီသုံးချက်ပါပဲ ။ သူဇာတစ်ယောက် အံ့သြဟန်ဖြင့်  ကြည့်မိပြန်သည်။  ကိုကိုက လောကုတ္တရာတွေ
လည်း သိတာပဲနော် ။ ကိုကို ငယ်ငယ်က အဘိဓမ္မာကို တစ်ခေါက်ပေါက်အောင်  သင်လိုက်ရတယ် ။
သူဇာသည် စကားကို အဆက်စပ်မရှိပဲ ပြောလိုက်သည်။ ကိုကို သူဇာတို့ မိတ္ထီလာကန်ကြီးက အံ့သြစရာ
ကောင်းတယ်နော် ။ ဟုတ်တယ်...သူဇာ ၊ ကြိုးကြာမသောက် ရေမနောက် မပေါက်ရွှေကြာ မိတ္ထီလာ..၊
မကျည်းတစ်ဆစ် ပေတရစ် ၊ နဂါးရေသောက် လူတစ်ယောက်  နဂါးရေမြုပ် လူတစ်အုပ် ...ဟု ကိုကိုမောင်
မနားတမ်းပြောလိုက်သည်။  ' ပိုပြီး ..အံ့သြစရာကောင်းတာက မြောက်ဘက်ကန်နှင့် တောင်ဘက်ကန်
ရေချင်းဆက်စပ်နေပါလျက် မြောက်ဘက်ကန်သည် ရေနှောက် ၊ တောင်ဘက်ကန်သည် ရေကြည်ပဲ...ဟု
ကိုကိုမောင်ပြောနေပြန်သည်။ ထို့နောက် မယ်ဒလင်ကောက်ကိုင်ကာ သီချင်းဆိုတော့သည်။
ချစ်သူ×××ခင်ခင်ပျိုရယ်×××မေတ္တာတော်ကဲ×××စွဲမိပေါ့ကွယ်×××ခင့်ရူပါ×××အလှကလေးရယ်ကြောင့်
ခဏလေးတောင်×××မှေးစက်မပျော်နိုင်းအားတယ်×××ရုပ်ချောသူရယ်××× လှရှာပါပေ့ကွယ်×××ခင်ခင်ရယ်×××ကြင်ကြင်ရယ်×××ကောင်းခြင်းငါးဖြာကြွယ်×××။ အသားတော်×××
ဖြူပါလှတယ်×××စကားနော်×××ကြူကာမှကွယ်×××အသနားခံတယ်×××ချစ်ခင်ပါလားလို့ ဆိုချင်တယ်
အပျိုခင်ရယ်×××ရေလည်အောင်×××မောင်ကြံရွယ်  သဘောကရယ်×××မနေကကြွယ် ယုံကြည်စွာပဲ
မျှော်လင့်မိပါတယ်×××စေတနာထားပါတော့ကွယ်×××အလှဖြူပြာ×××သူဇာခင်ခင်ရယ်×××
မြတ်နိုးသူရယ်×××ချစ်မိုးစွေခဲ့တယ်×××ဘုံကြိုးပြတ်တဲ့ ဒေဝီနတ်မျိုးနွယ်×××သြော်×××မျက်မာန်တော်
ငြိုးပါနဲ့××× မျှော်ကိုသူ ×××စောင့်စားလို့သာ ×××မောင့်မှာနေမိတယ်×××ခင်ပျိုနှမရယ်×××ပင်ကိုလှတယ်
ရွှေအားတော်ငယ်×××သနားစိတ်နဲ့×××ချစ်စမ်းပါကွယ်×××။
သူဇာတစ်ယောက် ကိုကိုမောင့် သီချင်းဆိုသံထဲမှာ နစ်မျှောနေတော့သည်။
                   ×                        ×                           ×                                ×
               
                                                                          ဆက်ရန်
                                                                                သာကီမင်းသားလေး

Tuesday, 8 January 2013

ကျွန်ုပ်၏ သေပျော်ဖွယ်ရာနေ့တစ်နေ့

          နှစ်သစ်၏ ကနဦးအဖွင့်ရက် နေ့သစ်ဖြစ်သော နံနက်ခင်းမှာ ဥတ္တရလေပြေညှင်းက လေချိုသွေး
ကာ ဆောင်းရာသီ၏ ဇာတိကိုပြနေသည်။ ရော်ရွက်ဝါလေးတွေကလည်း မြေမှာခ ဥတ္တရလေပြေညှင်းနှင့်
အတူ ပလူးပလဲမြူးတူးစွာ ကစားနေသည်။ အချိန်တွေလည်း တဖြေးဖြေးနှင့် ကုန်ခြင်းမလှ ကုန်ခဲ့လေပြီ။
အရှေ့ယွန်းယွန်းမှ နေဝန်းကြီးကလည်း အနောက်တောင်စွယ်မှာ ကွယ်ခဲ့သည့်အကြိမ်ပေါင်းလည်း များလှ
ပြီ။ နေကွယ်တာအကြိမ်များလျှင်ဖြင့် သေနယ်ရွာကို တစ်ကြိမ်သွားရပေဦးမည်။ နောက်နောင်ဘဝတွေမှာ
လည်း ထို့အတူပင်။ ဘဝမှာ နေပျောင်ရုံဖြင့် မပြီးသေးပါ ။ သေပျော်ဖို့လည်း လိုပါသေးသည်။ ကျွန်ုပ်အဖို့
နှစ်သစ်၏ ကနဦးအဖွင့်ရက်မှာ နေပျော်ရုံမက သေမည်ဆိုလျှင်လည်း သေပျော်ခဲ့ပါပြီ။
         `မြမြမြှေး၍၊ ဆီးသေးနှင်းဖြူ ၊ မြူလည်းကြွေလင့် ၊ မပွင့်နေခြည် ၊ မကြည်ကောင်းကင်၊ ထက်ခွင်အုံ့ပျ ၊ငြိမ့်မျှကိုယ်တွင်း ၊ ဆီးနှင်းကျရွှမ်း ၊ချမ်းတို့စွလည်း၊ ရင့်မြကြာညောင်း`ဟူသော နတ်သျှင်နောင်၏ ဆောင်းရာသီအလွှမ်းမယ်ဘွဲ့ရတုပိုဒ်စုံကို ကျွန်ုပ်ဖတ်ပြီး အတွေးနယ်ချဲ့နေမိသည်။
နှင်းမြူမှုန်လေးတွေကြွေကာကြဲနေသောကြောင့် ကောင်းကင်မှာ မကြည်မလင် ထက်ခွင်အာကာမှာလည်း
အုံ့ပျပျနှင့် လွမ်းမောစရာကောင်းနေသည်။ အရှေ့အရပ်ဆီမှ သူရိယနေမင်းကြီးကလည်း ယနေ့မှမကြည်
မသာဖြစ်နေသည်။ထို့ကြောင့်ပင် ဆီးနှင်းများလည်း ရွှမ်းရွှမ်းဝေနေဆဲ ။ကျွန်ုပ်လည်း ချမ်းနေဆဲပင် ။
ထိုခဏမှာပင် ကြားရသည့်အသံကြောင့် ကျွန်ုပ်၏အတွေး ရပ်တန့်သွားသည်။ 0-သွေးအလှူခံနေသော
အသံဖြစ်သည်။ကျွန်ုပ်လည်း အသံကြားကြားချင်းပင် အသံကြားရာဆီသို့သွားပြီး သွေးလှူဒါန်းလိုပါကြောင်း
ပြောလိုက်သည်။ မန္တလေးမြို့၏ ပြည်သူ့ဆေးရုံကြီးသို့ သွားရသည်။သွားနေဆဲမှာပင် လူနာရှင်ကို လူနာ
အကြောင်းမေးသောအခါ ဦးနှောက်ခွဲစိတ်ကုသရမည်ဟု သိရသည်။ ပြည့်သူ့ဆေးရုံကြီးသို့ ရောက်သော
အခါ လျှောက်လွှာစာရွက်မှာ ဖြည့်စွက်စရာလေးတွေကို ဖြည့်ပြီး ဆေးစစ်ရသည်။ ကျွန်ုပ်သွေးလှူဒါန်းခွင်၍
အလွန်ဝမ်းသာသွားသည်။ ယခုသွေးလှူဒါန်းခြင်းသည် ကျွန်ုပ်၏ (၇)ကြိမ်မြောက် သွေးလှူဒါန်းခြင်းဖြစ်
သည်။ နှစ်သစ်၏ အဖွင့်နေ့ရက်သည် ကျွန်ုပ်၏ မွေးနေ့မွေးနံ အဂါင်္နေ့ဖြစ်သောကြောင့်လည်း အံသြမိ
သည်။ ပို၍ အံသြစရာကောင်းသည်ကား ကျွန်ုပ်ကဲ့သို့သော သွေးလှူရှင်များထဲမှာ အမျိုးသမီးများ ပါဝင်နေ
သောကြောင့်ဖြစ်သည်။ ယခုကဲ့သို့သွေးလှူဒါန်းသောနေရာမှာ ယောက်ျားသားများသာ လှူဒါန်းကြသည်ဟု
ကျွန်ုပ်မှတ်ထင်ထားသည်။ သို့သော်.....ကျွန်ုပ်အထင် စင်စင်ကြီး လွဲချော်သွားသည်။ ထို့ကြောင့်
သူတို့လေးတွေကိုကြည့်ပြီး အားရဝမ်းသာဖြင့် သာဓုလည်း ခေါ်မိပါသည်။ သြော်....`ပညာမည်းငြား
ထိုတရားလည်း ၊ ယောက်ျားတွင်သာ ၊မဟူရာဘူး ၊အမရာဒေဝီ၊ ဘေရီဓမ္မ၊ ဒိန္နာစသည် ၊အပ္ပကဟူ
နည်းငယ်မူကား ၊ လူဝယ်ထိုသို့၊မိန်းမတို့လည်း ၊မချို့ပညာ၊ ရှိတတ်စွာ၏`ဟူသော မဃဒေဝလင်္ကာကို
အမှတ်ရမိသည်။ ကျွန်ုပ်သွေးလှူခန်းမှာ သွေးဖောက်ပြီး သွေးလှူရမည်။လှူနေဆဲမှာပင် ရတနာသုံးပါး
ဂုဏ်တော်တွေကို ပွားများပြီး လူနာရှင်ကိုလည်း မေတ္တာပို့ပေးနေသည်။ ထို့နောက်ပက်လက်အနေ
အထားမှ ဘေးတစောင်းကိုငဲ့ကြည့်သောအခါ စာတမ်းတစ်ခုကို တွေ့လိုက်ရသည်။ `သင့်သွေးဖြင့်
သူတစ်ပါးအသက်ကို ကယ်ပါ`ဟူသော စာတမ်းဖြစ်သည်။ မှန်ပါသည်။  ယခုအချိန်မှာ ကျွန်ုပ်သည်
ကျွန်ုပ်၏ ခန္ဓာကိုယ်တွင်းမှ သွေးဖြင့် သူတစ်ပါးအသက်ကို ကယ်နေပါပြီ။ ကျွန်ုပ်ကဲ့သို့ပင် အခြားသော
အမျိုးသား/အမျိုးသ္မီးများလည်း သူတို့၏ ခန္ဓာကိုယ်တွင်းမှ သွေးများဖြင့် သူတစ်ပါးအသက်ကို ကယ်နေကြ
ပါပြီ။ လူသားတိုင်းသည် စားဝတ်နေရေးအတွက် ဘဝမှာ နေ့စဉ်နေ့တိုင်း ရုန်းကန်လှုပ်ရှားနေရသည်။
စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားရင်းဖြင့်ပင် ရက်ပေါင်းများစွာ နေ့ပေါင်းများစွာကို ဖြတ်သန်းလာခဲ့
ကြသည်။`ကုသိုလ် ပညာ၊ ကိုယ်ကျန်းမာနှင့်၊ဥစ္စာတန်ဘိုး ၊တစ်မျိုးမျိုးမှ ၊ မတိုးမတက် ၊ထိုနေ့တွက်
သက်သက်ဝမ်းနည်းဖွယ်` ဆိုသလို ကိုယ်ဖြတ်သန်းလာခဲ့သော ရက်တစ်ရက် နေ့တစ်နေ့မှာ ကိုယ့်
အတွက် ကုသိုလ်၊ ပညာ၊ ကျန်းမာရေး ၊ ဥစ္စာတို့တွင် တစ်ခုခုသည် ကောင်းမွန်စွာတိုးတက်နေရမည်။
သို့မှသာလျှင် ဘဝမှာ နေပျော်ဖို့ကောင်းလှသည်။ ထိုသို့မဟုတ်လျှင် ဖြတ်သန်းလာခဲ့ရသော နေ့ရက်
တွေသည် အချည်းနှီးဖြစ်သလို ဝမ်းနည်းစရာလည်း ကောင်းလှသည်။
          2013နှစ်သစ်၏ အဖွင့်ရက်ကို သူတစ်ပါးတွေ ဘယ်လိုဖြတ်သန်းကြသည် မသိ ။ သိလည်း မသိချင်
ပါ ။ သိဖို့လည်း လိုလိမ့်မည် မဟုတ်ပါ ။ ကျွန်ုပ်အဖို့မှာ နှစ်သစ်၏ အဖွင့်နေ့ရက်ကို `သင့်သွေးဖြင့်
သူတစ်ပါးအသက်ကို ကယ်ပါ`ဆိုသော ဆောင်ပုဒ်လို သွေးလှူဒါန်းခြင်းတည်းဟူသော ကုသိုလ်ယူရင်းဖြင့်
ဖြတ်သန်းခဲ့ပါသည်။ ထို့ကြောင့် ထိုနေ့သည် ကျွန်ုပ်အဖို့မှာ နေပျော်ခဲ့ပါသည်။ သေမည်ဆိုလျှင်လည်း
သေပျော်ခဲ့ပါပြီ ။

                                                                                သာကီမင်းသားလေး
                                                                                 1. 1. 2013
                                                                                  အင်္ဂါနေ့