မင်္ဂလာပါခင်ဗျာ ဒီ ဘလော့ဂ်လေးကိုလာရောက်ကြည့်ရူ့ကြသူအပေါင်းကို ကျနော် သာကီမင်းသားလေး မှ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ

Monday 25 February 2013

. . . . . . သာ ကိုးကွယ်တော့၏


                                                အခန်း(၁)

မိတ္ထီလာကန်ဘောင်ပေါ်မှ ယူကလစ်ပင်အောက်တွင် စာတစ်စောင်နှင့်အတူ သဇင်ပန်းကိုင်ပြီး သူမတစ်ယောက်တည်း ထိုင်နေသည်။ ထိုနောက် ကန်ရေပြင်ကို ကြည့်ရင်း ငိုင်နေသည်။ အကြော်ဆိုင်မှ ရေဒီယို ဖွင့်သံ သဲ့သဲ့လေးကြားနေရသည်။
ချစ်ဒါလီ ×××တစ်နှစ်တာရှည် ကြည်ရွှင်လန်းစေဖို့ ×××သဇင်ပန်းတွေနဲ့ ×××ဆင်မြန်းပေးခဲ့ပြီသည်ရာသီခါဆောင်း×××ဟောင်းတမေ့မေ့×××တရွေ့ရွေ့တာရှည်×××
သီဆိုသူသည် သူမကိုပင် ရည်ညွှန်းနေရော့သလား ။ တိုက်ဆိုင်၍လားမသိ ။ သည်သီချင်းသံကြားရင် သူမ ငိုချင်သည် ။ မြောက်အရပ်ဆီမှ ဆောင်းလေပြေအေး တိုက်ခတ်မှုကြောင့် လွှင့်ပါလာသော လှိုင်းနုနုလေးတို့၏ ဘောင်ဘင်ခတ်သံ ၊ ရေလည် ဘုရားဆီမှ ဆည်းလည်းခတ်သံ ၊ ယူကလစ်ပင်ပေါ်မှ ချိုး(ဂျိုး)နှစ်ကောင် ဖိုမ မောင်နှံ၏ ကူချွဲသံသည် သူမကိုပင် လှောင်ရော့ထင့်။ သူမ ယူကလစ်ပင်ပေါ်ကို မော့ကြည့်လိုက်သည် ။ ထိုအခိုက် ချိုး(ဂျိုး)တစ်ကောင်ထပြန်သွားသည် ။ သူမရင်ထဲ ဆို့နင့်သွားသည် ။ သီချင်းသံသဲ့သဲ့လေး လွှင့်လာပြန်သည် ။
မောင်မရောက်လာပြီ×××နှောင်းလတာရှည်×××ခင်မင်မပျက်အောင်အရေး×××သဇင်လက်ဆောင်ပေးဖို့ မောင်ဝေးပြီ×××
သူမမျက်ရည် အလိုလိုစီးကျလာသည် ။ ဘယ်လိုမှ တားဆီးခွင့်မရလိုက် ။ မထူးတော့ပြီ အသံသဲ့သဲ့နဲ့ ရှိုက်ငင်ငိုကြွေးလိုက်တော့သည် ။

                                                         အခန်း(၂)

“မြမြမြှေး၍ ၊ ဆီးသေးနှင်းဖြူ ၊ မြူလည်းကြွေလင့် ၊ မပွင့်နေခြည် ၊ မကြည်ကောင်းကင် ၊ ထက်ခွင်အုံ့ပျ ၊ ငြိမ့်မျှကိုယ်တွင်း ၊ ဆီးနှင်းကျရွှမ်း ၊ ချမ်းတို့စွလည်း ၊ ရင့်မြကြာညောင်း’’ ဟု ရတုဘုရင် ဆိုခဲ့သလို မြူနှင်းမှုန်လေးတွေ ကြွေကာကြဲနေသောကြောင့် ကောင်းကင်မှာ မကြည်မလင် ၊ထက်ခွင်အာကာမှာလည်း
အုံ့ပျပျနှင့် လွမ်းမောစရာကောင်းနေသည် ။ အရှေ့ယွန်းယွန်းမှ နေဝန်းကြီးလည်း အနောက်တောင်စွယ်မှာ ကွယ်စပြုနေပြီ ။ ဆောင်းရာသီညနေခင်း နေမင်းကွယ်စပြုတာနှင့် ဆီးနှင်းမြူမှုန်လေးတွေလည်း ရွှမ်းရွှမ်းဝေနေသည် ။ ဘုန်းမြင့်ဇော်တစ်ယောက် ပျင်းပျုင်းရှိတာနှင့် အဆောင်ရှေ့ထွက်ထိုင်နေသည် ။ ထိုအခိုက် ဖြတ်လျှောက်သွားသော မိန်းကလေး နှစ်ယောက်ကို ဘုန်းမြင့်ဇော်တွေ့လိုက်ရသည် ။ တစ်ယောက်မှာ ဆံပင်ရှည်ရှည် ၊မျက်တောင်ကော့ကော့ ၊ ခန္ဓာကိုယ်ကြော့ရှင်း၍ အလွန်လှသည် ။ အသားအရေမှာ ဝါဝါဝင်းဝင်းနှင့် ရွှေအဆင်းလို တောက်ပနေသည် ။ ဖက်ဖူးစိမ်းရောင် အင်္ကျီဝမ်းဆက်ကို ဝတ်ဆင်ထားသည့်အတွက် သူမ အသား အရေမှာ ပိုပြီးတောက်ပနေသည် ။ အားလုံး ခြုံကြည့်လိုက်ရင် ဘုံကြိုးပြတ်ကြလာသည့် နတ်သ္မီးအလား ။ ကျန်တစ်ယောက်မှာမူ အသားရေ ညိုပြာပြာနှင့် အတော်အသင့်လှပါသည် ။ သို့သော် သူ့အလှသည် သူမလောက် မဟာဆန်သူမဟုတ်ပါ ။ သူမ၏ အလှသည်သာလျှင် မဟာဆန်သည် ။ မဟာဆန်သူ သြော် . . . ကျနော်ရဲ့ မဟာဆန်သူ ။
“ဘုန်းမြင့်ဇော် တစ်ယောက်တည်း ဘာစဉ်းစားနေတာလဲ ’’ ။ သူငယ်ချင်းဖြစ်သူ မောင်မြင့်အောင်က မေးလိုက်ခြင်းဖြစ်သည် ။ “ ဘာမှ မဟုတ်ပါဘူး မြင့်အောင်ရာ ပျင်းပျင်းရှိတာနဲ့ ထွက်ထိုင်နေတာ” ဟု အတူနေ သူငယ်ချင်းကို ဘုန်းမြင့်ဇော် ပြောလိုက်သည် ။ “ နတ်သမီးလေး တစ်ပါးတွေ့လိုက်လို့ ထိုင်ငေးနေတာ ’’ ဟု တစ်ဆက်တည်းပြောလိုက်ပြန်သည် ။ “ ဘာ . . . နတ်သမီး . . .ဟုတ်လား” ။
“အေး . . . ဟုတ်တယ် ’’ ။ “တစ်နည်းပြောရရင် မဟာဆန်သူပေါ့ကွာ ၊ သိပ်လှတယ်ကွ ” ။ “ဘယ်လောက်လှလို့ အဲ့လောက်တောင် တင်စားနေရတာလဲ ဘုန်းမြင့်ရာ ” ။ “ ဟိုစာသားလိုပေါ့ကွာ နတ်ရှင်နောင် ရေးခဲ့တာလေ ” ။
“လှဆုံးတင်နေ ၊ ထုံးသရေနှင့် ၊ ထွေထွေကြည့်တိုင်း ၊ ပြစ်မျိုးရိုင်းသည် ၊ စံခိုင်းလှော်သစ် ၊ ရွှေနှယ်နှစ်မျှ ၊ တင်ပြစ်မစက် ၊ လဲ့လဲ့ညက်ကို ၊ ထက်နေဘုံနေ ၊ ခုသာကြွေသို့ ” တဲ့ ။
“အဲ့ဒီလောက်ထိတောင် လှတယ် ဟကောင်ရ” ။
“ဟင် ” ဟုသာ မြင့်အောင်တမိလိုက်သည် ။

                                                           အခန်း(၃)

အတွေးအကြံတို့ကို လေ့ကျင့်ပေးရာဌာနဖြစ်သော တက္ကသိုလ်ဝန်းထဲမှာ အတန်းတက်ချိန်မို့ ကျောင်းသား ကျောင်းသူတို့ ကိုယ်စီကိုယ်စီ ဆိုင်ရာအခန်းသို့ သွားနေကြသည် ။ ထိုထဲတွင် ဘုန်းမြင့်ဇော်တို့ သူငယ်ချင်းနှစ်ယောက်လည်းပါသည် ။
“ဟင် . . . မဟာဆန်သူ” ။
ဘုန်းမြင့်ဇော် အံ့သြမှုနှင့်အတူ နှုတ်မှလည်း အသံထွက်သွားသည် ။ “ဘာဖြစ်တာလဲ ဘုန်းမြင့်” ။
“မနေ့က ငါပြောတဲ့ မဟာဆန်သူဆိုတာလေ” ။
“သြော် . . . သူလား” ။
“နေပါဦး မင်းက သူ့ကို သိနေလို့လား” ။
“သိတာပေါ့ကွာ သူ့နာမည်က ထားထားလွင်တဲ့” ။
“ငါတို့နဲ့ မြန်မာစာ မေဂျာတူတယ် ဒါပေမယ့် သူက ဒုတိယနှစ်ကျောင်းသူ ၊ ငါတို့က ပထမနှစ်” ။
“နေပါဦး ငါက ဘာဖြစ်လို့ သူ့ကို မသိတာလဲ ” ။
ဘုန်းမြင့်ဇော် ကိုယ့်ကိုယ်ကို မကျေနပ်သံဖြင့်မေးလိုက်သည် ။ “ဘယ်သိမှာလဲ မင်းက အချိန်ပြည့် အခန်းအောင်းပြီး စာကြည့်နေတာကို ” ။ ဟု မြင့်အောင် ပြောလိုက်သည် ။ဘုန်းမြင့်ဇော် ဘာမှ ပြန်မပြောမိ။
ထို့နောက် အခန်းထဲ ဝင်သွားတော့သည် ။ အခန်းထဲရောက်မှ ဗလာစာအုပ်ထုတ်ကာ ပထမဦးဆုံးသော စာမျက်နှာတွင် ရေးလိုက်သည် ။
“မဟာဆန်သူ ထား ကျနော့်ရဲ့ ထားသခင် ” ။
ထိုနေ့ညနေခင်းမှာလည်း ဘုန်းမြင့်ဇော်တစ်ယောက် ခါတိုင်းလို အဆောင်ရှေ့သို့ ထွက်ပြီးထိုင်နေမိသည် ။
×××မျှော်တော်ယောင်×××မျှော်တော်ယောင်×××မျှော်တော်ယောင်×××ဘဝက လွတ်ချင်ပြီ ×××သူ မကယ်ရင်××× သူ မကယ်ရင်×××မျှော်တော်ယောင် ဘဝက ကျွတ်ဖို့လမ်းမမြင်ဘူး×××
မြင့်အောင် ပြုံးစိစိလုပ်ကာ သီချင်းအော်ဆိုနေသည်။
“ဘုန်းမြင့် လာကွာ ၊ ငါတို့ ကန်ဘက်ကို လမ်းလျှောက်ရင်း ဘုရားဖူးသွားရအောင် ပြီးတော့ အကြော်စားရင်း စကားပြောကြတာပေါ့ကွာ” ။
သူငယ်ချင်းနှစ်ယောက် ရေလည်ဘုရား ကို ဝတ်ပြုပြီး ရှင်ဥပဂုတ္တဆင်းတုတော်ဆီသို့ ဆက်သွားပြီး ဝတ်ပြုနေပြန်သည်။
“ရော့” ။ ဟု နှုတ်မှဆိုပြီး ပစ်လိုက်သည် ။ “ ဟယ် . . . ချစ်ရေးဆိုခြင်းခံရလိမ့်မည် ” တဲ့ ။ ထားထားလွင်၏ နှုတ်မှထွက်လာသော အသံဖြစ်သည် ။ “ အင့် . . .ထား ဆက်ပြီး ပစ်လိုက်သည် ၊ ဘာလဲဆိုတာ ကြည့်ရတာပေါ့ ” ။ ဟု မေသူ ပြောပြီး ကြွေစိ တစ်မက်စိကို ထားထားလွင် လက်ထဲသို့ ထည့်လိုက်သည် ။ ဘောကွင်းပေါ်မှ သံပြားပေါ်တွင် ရေဖလား ရှစ်လုံးသည် မနားတမ်းလည်နေသည် ။ ထားထားလွင်တစ်ယောက် ရင်ခုန်နေသည် ။ ကလေးတစ်ယောက် ပမာ ပျော်နေသည် ။ထားထားလွင် တစ်မက်စိကို လက်ကလေးနှင့်ပွတ်ရင်း ပစ်ဖို့ချိန်ဆနေသည် ။
“ရော့ . . .ဟယ်” နှုတ်မှ အသံထွက်ပြီး ပစ်လိုက်သည် ။ “ဟင် . . . ချစ်သူနှင့် ကွေကွင်းရလိမ့်မည်” ။
“တော်ပြီဟာ . . . ကျန်တဲ့တစ်စိကို မေသူ နင်ပစ်လိုက်တော့” ဟု ထားထားလွင် မကြည်မသာ မျက်နှာထားနှင့် ပြောလိုက်သည် ။
“ရော့ . . . ဟယ် ’’ဆိုပြီး ပစ်လိုက်သည် ။ “စာမေးပွဲ အောင်လိမ့်မည်” ဟု ရေးထားသော ခွက်ထဲသို့ ကြသောကြောင့် မေသူ ခုန်ပေါက် ပျော်မြူးနေသည် ။
“ထားထားလွင်” ။ မြင့်အောင် ခေါ်လိုက်သော အသံဖြစ်သည် ။
“လာကွာ ဘုန်းမြင့် ငါမိတ်ဆက်ပေးမယ်” ။
“ထားထားလွင် ဒါ ငါ့သူငယ်ချင်း ဘုန်းမြင့်ဇော် ၊ မန်ကျည်းချောက်ရွာကလေ ၊ ငါနဲ့ အတူ အဆောင်မှာလာနေတာ ” ဟု မိတ်ဆက်ပေးလိုက်သည် ။
“ဒါ ကတော့ . . . ’’
“ကျမ မေသူပါ” ။
မေသူသည် သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်သည် ။
“ဟုတ်ကဲ့ ကျမက ပေါက်ချောင်း ရပ်ကွက်ကပါ ၊ ရှင့် လိုပဲ မေသူနဲ့ အတူ အဆောင်မှာ လာနေတာ” ဟု ထားထားလွင် ပြောလိုက်သည် ။ ဘုန်းမြင့်ဇော် ထားထားလွင်ကို ကြည့်လိုက်သည် ။ သူစတွေ့ခဲ့သည့် နေ့ကလိုပင် ဖက်ဖူးစိမ်း အင်္ကျီဝမ်းဆက်ကို ဝတ်ထားသည် ။
“မဟာဆန်သူ ထား ၊ သြော် . . . မဟာဆန်ရုံမက သူ့အလှသည် ကဗျာလည်းဆန် ၊ ကညာလည်း ဆန်ပါပေါ့လား ”ဟု ဘုန်းမြင့်ဇော် စိတ်ထဲကနေ မှတ်ချက်ပြုလိုက်သည် ။
“သို့ . . . အကြည့်ခြင်းဆုံသွားသည် ၊ ထားထားလွင်သည် ရှက်သလိုလို ကြောက်သလိုလိုနှင့် မျက်နှာကို အောက်သို့ ငုံ့လိုက်သည် ။

သြော်. . . ဒါသည်ပင် ကညာဆန်နေပါပေါ့လားဟု ဘုန်းမြင့်ဇော် စိတ်ထဲမှနေ၍ မှတ်ချက်ပြုလိုက်ပြန်သည် ။ “ တို့အကြော်စားရင်း စကားပြောရအောင်လား’’။ မြင့်အောင်ပြောလိုက်ခြင်းဖြစ်သည် ။ သူတို့အုပ်စု အဖွဲ့ကျကာ ပျော်ရွှင်စွာ ရယ်သံမောသံတို့နှင့်အတူ စကားပြောနေကြသည် ။ ဘုန်းမြင့်ဇော် သီချင်းသံကို နားစိုက်လိုက်သည်။

ကောင်းခြင်းငါးသွယ်×××ဂုဏ်အင်္ဂါကြွယ်×××အသားတော်ကဉ္စန×××

ယဉ်ပါလှတယ်×××အမရာကိန္နရီ×××မဒ္ဒီသမ္ဘူလ××တော်လေးဝပုံနယ်

ရွှေသားရုပ်သွင်×××ခင်မင်စရာငယ်×××မျက်နှာတော်ဝါဝါဝင်း×××

ရွှေလမင်းကြီးပုံနယ်×××

အကြော်ဆိုင်မှ ဖွင့်ထားသော သီချင်းသံဖြစ်သည် ။ ထိုဆိုင်မှ ဖွင့်သော

သီချင်းသံ ၊ မြောက်ပြန်လေတိုက်ခတ်မှုကြောင့် လွင့်ပါလာသော လှိုင်းနုနုလေးတို့၏ ဘောင်ဘင်ခတ်သံ ၊ ရေလည်ဘုရားမှ ဆည်းလည်းခတ်သံ ၊ ယူကလစ်ပင်ယံထက်မှ ချိုး(ဂျိုး)ကူသံတို့နှင့်အတူ

သူတို့အဖွဲ့၏ ရယ်သံမောသံတို့သည် လေထဲမှာ လွင့်ပါသွားတော့သည် ။



                                                    အခန်း(၄ )

မနက်ဖြန်ဆို ဖေဖော်ဝါရီ (၁၄ ) ချစ်သူများနေ့ရောက်ပြီ။

မြင့်အောင်တစ်ယောက် သူ၏ သက်ဆိုင်သူသို့လက်ဆောင်ပေးဖို့ ပါဆယ်ထုတ် ပြင်နေသောကြောင့် အငြိမ်ကိုမနေရ ။ ဟိုဟိုဒီဒီသွားရ ဝယ်စရာရှိတာ ဝယ်ရနှင့် အလုပ်ရှုပ်နေသည် ။ သူ့လိုပင် သက်ဆိုင်သူများကို လက်ဆောင်ပေးဖို့အတွက် အခြားသော လူငယ်လူရွယ်တို့လည်း ဟိုဟိုဒီဒီနှင့် နေရာတော်တော်များများမှာ ရောက်ယက်ခတ်နေသည် ။ ဘုန်းမြင့်ဇော်သည် ထိုကဲ့သို့သော လူငယ်လူရွယ်တို့လိုမဟုတ် ။ ဒီနေ့မှပိုပြီး ငြိမ်ချက်သားကောင်းနေသည်။

သို့သော် သူ့မှာ ခံစားတတ်သော နှလုံးသား ၊ချစ်တတ် ချစ်အပ်သော နှလုံးသားရှိသည်မဟုတ်ပါလား ။ ဒါကို သူပင် အသိဆုံးပါ ။ ဘုန်းမြင့်ဇော်

စာကြည့်စားပွဲပေါ်မှ ရေးထားပြီးသော စာကိုကြည့်ရင် ငြိမ်နေသည် ။

“ဘုန်မြင့်ဇော် ငြိမ်လှပါလား ၊ မနက်ဖြန်မှာ မင်းရဲ့ မဟာဆန်သူ ထားသခင်ကို လက်ဆောင်ပေးဖို့အတွက် ဘာမှမလုပ်ဘူးလား”။

“ဘုန်းမြင့်ဇော် ဘာမှပြန်မပြောမိ ၊ ငြိမ်မြဲငြိမ်နေသည် “။

“ဟကောင်ရ”

မြင့်အောင် အနားလာပြီး အော်လိုက်သည် ။

“အော်. . .ကဗျာရေးထားတာကိုး”။

မြင့်အောင် ပြောပြောဆိုဆို ယူဖတ်ကြည့်လိုက်သည် ။

“သူရှာပေးသော ငြိမ်းချမ်းရေး”

ပြည်မြန်မာ ကြည်သာဖို့ ၊ အားမာန်တို့စစ်ချီ

မျှော်လင့်ချက် ရွှေရောင်ခြည် ၊ သန်ရမည်မလွဲ. . . ။

သွေးရဲရဲ မြန်မာတို့ ၊ လွတ်ဖို့ရန် သူကြံသည်

ထိတ်လန့်ဖွယ် ရန်ခပင်း ၊ ရှင်းထုတ်ခဲ့သည်. . .။

ငြိမ်းချမ်းရေးအတွက်မို့ပင် ၊ အသက်ကိုပင် မငဲ့

ထိန်လင်စတဲ့ ဇာနည်တစ်စု ၊ အသေအချာ ပြုစုခဲ့လို့

ပြည်မြန်မာ ကြည်သာခဲ့ပါပြီ . . .။

“ငါ ထားကို လက်ဆောင်ပေးဖို့ ကြိုတင်စီစဉ်ထားပါတယ် အခုသွားယူမလို့”

ဘုန်းမြင့်ဇော် ပြောဆိုပြီး ထွက်သွားတော့သည် ။



                                                အခန်း ( ၅ )

  ဖေဖော်ဝါရီ ( ၁၄ ) ချစ်သူများနေ့ဘယ်နေရာကို ကြည့်လိုက်ကြည့်လိုက် သာသာယာယာ ရှိလှသည် ။

ယုတ်စွအဆုံး ကောင်းကင်မှာ ပျံသန်းနေသည့် ကျေးငှက်သာရကာတို့မှ

စ၍ ကိုယ်စီကိုယ်စီ စုံတွဲလေးတွေနှင့် ။ ချစ်ခွန်းတုံ့လှယ်နေသော ချစ်သူစုံတွဲ၏ စကားတို့လည်း ကြည်နူးစရာကောင်းနေသည် ။

“ထားကို မောင်လက်ဆောင်ပေးမယ်ဆိုပြီး ဘုန်းမြင့်ဇော် အသင့်ယူလာသော သဇင်ပန်းကို ပေးလိုက်သည် ။

“ရော့. . . မောင်ပြန်ယူ ၊ ထားကို မောင်ကိုယ်တိုင်ပန်ပေး”။

ဘုန်မြင့်ဇော် သဇင်ပန်းကိုယူပြီး ထားရဲ့ ခေါင်းမှာဆင်မြန်းပေးလိုက်သည်။

ထိုအခိုက် အကြော်ဆိုင်မှ သီချင်းသံ သဲ့သဲ့လေး လွင့်လာသည် ။

ချစ်ဒါလီ× × ×တစ်နှစ်တာရှည် ကြည်ရွှင်လန်းစေဖို့× × ×

သဇင်ပန်းတွေနှင့်× × ×ဆင်မြန်းပေးခဲ့ပြီ× × ×သည်ရာသီခါဆောင်း

ဟောင်းတမေ့မေ့××× တရွေ့ ရွေ့ တာရှည်×××

“ထား”

ဘုန်းမြင့်ဇော် ခေါ်လိုက်သည် ။ ထို့နောက် ပခုံးကို အသာအယာကိုင်ကာ

ရင်ခွင်ထဲသို့ စွဲသွင်းလိုက်သည် ။ ထားထားလွင်လည်း “မောင်”ဟုဆိုကာ

ဘုန်းမြင့်ဇော် ပခုံးကို အသာအယာ မှီလိုက်သည် ။ မြောက်အရပ်ဆီမှ

ဆောင်းလေပြေအေး တိုက်ခတ်မှုကြောင့် လွင့်ပါလာသော လှိုင်းနုနုလေး

တို့၏ ဘောင်ဘင်ခတ်သံ ၊ ရေလည်ဘုရားဆီမှ ဆည်းလည်းခတ်သံ ၊

ယူကလစ်ပင်ယံထက်မှ ချိုး(ဂျိုး)နှစ်ကောင် ဖိုမမောင်နှံ၏ ကူချွဲသံတို့သည်

သာယာနာပျော်ဖွယ်ကောင်းနေသည်။ ထို့နောက် ချစ်သူစုံတွဲ၏

ကြည်နူးစရာကောင်းသော ချစ်စကားလေးတွေနှင့်အတူ ပျောက်ကွယ်

သွားတော့သည် ။

အချိန်သည် နေ့စဉ်လည်ပတ်သည်နှင့်အမျှ တဖြေးဖြေး ကုန်ဆုံးခဲ့ပြီ။

အသစ်အသစ်သော နေ့ဆီသို့လည်း ကူးပြောင်းနေသည် ။

ချစ်သူများနေ့ဆီသို့ တစ်ကျော့ပြန် ရောက်ရှိလာသည် ။ထားထားလွင်

တစ်ယောက် ဘုန်းမြင့်ဇော် အလာကိုစောင့်ရင်း ယူကလစ်ပင်အောက်မှာ

ထိုင်နေသည် ။ သို့သော်. . . ။

လူငယ်တစ်ယောက် ရောက်လာပြီး အမက ထားထားလွင် ဟုတ်ပါတယ်နော် ၊ ကိုဘုန်းမြင့်ဇော်က ပေးခိုင်းလိုက်တာဟုဆိုကာ စာတစ်စောင်နှင့်အတူ သဇင်ပန်းကို ပေးသွားသည် ။ ထားထားလွင်

စာကို ဖတ်လိုက်သည် ။

“သို့

ရင်မှလိုက်ဆူ ၊ မောင့်သည်းအူကို ၊ အတူမကွာ ၊ခေါ်ချင်ပါလည်း ၊

မာလာပန်းမှာ ၊ သူရိယာကြောင့် ၊ ညိုးကာနွမ်းခြောက် ၊ ပင်ယံအောက်သို့၊

ကြွေပျောက်သည့်မျိုး ၊ အဖြစ်ဆိုးလို ၊ ဆိုးကျိုးတွေချည်း ၊ အသီးသီးနှင့် ၊

သိပ်သည်းလှစွာ ၊မောင့်မှာသာလျှင် ၊ ကညာပျိုလေး ၊ကောင်းစားရေးမို့၊

ရှောင်ပြေးထွက်ခွာ ၊ခင့်ဝေးရာကို ၊ ဖဲခွာရစ်မည် ၊ နေရစ်ပေတော့ ထားသခင်. . . . .။

မောင်

ထားထားလွင် မျက်ရည်စီးကျလာသည် ။ ရက်စက်လိုက်တာမောင်ရယ် . . .

ထို့နောက် ရေလည်ဘုရားဆီသို့ မျှော်ကြည့်လိုက်သည် ။ နုတ်မှလည်း

လက်ဝဲသုန္ဒရအမတ်ကြီး၏ ရတုကို ရေရွတ်လိုက်မိ၏ ။

ပတ်သန်းစွေအိုင် ၊ တဖြိုင်ဖြိုင်လျှင် ၊ရွာနိုင်လေခြင်း ၊ ငယ်ကရင်း၍ ၊

သက်နှင့်အတူ ၊ တောင့်တသူနှင့် ၊ အတူမကွာ၊ စုံပါစေဦး ၊နှစ်မကျူးလည်း

နှစ်ကူးရုံမျှ ၊လင့်ကောင်းစွတည့် ၊မိုးကရင်ရှု ၊သူကတတေ ၊သို့စင်မွေသော်

ပျောက်ပြေပါအောင်၊ကြံရေးဆောင်လျက်၊တစောင်တစည်း၊ပန်းလည်းတစုံ

စည်းခုံတဆူ၊ ရွှေဂူနံသင့်၊ ဘုန်းတော်နှင့်ကို၊ရက်မြင့်မရှည်၊စုံတော့မည်ဟု

ညွတ်ကြည်ဆုယူ၊ တောင်မှတ်မူသည်၊ တဆူသာ ကိုးကွယ်တော့၏…။

                                                ပြီးပါပြီ

                                                                                     သာကီမင်းသားလေး

                                                                                           9. 2. 2013

Tuesday 12 February 2013

ဗေဒါလမ်း (၂၁ ) လှလိုက်မှာပဲ

* ဘုတ်မက  အီ ၊ ဒီရေကျ  တေး ။
   မဗေဒါ  မယ့်ဒုံရင်း ၊ ဆင်းချိန်မို့လေး ။

* ဆင်းမယ်လာ့  မဗေဒါ ...တဲ့ ။
   ကျူရိုးရှင်  ပီပီကလေး ၊ တေးသံက  သာ ။
   ရေထဦး  ဆီက
   အဖူးနဲ့ အငုံဟာ ၊ ပွင့်ပါပေါ့   ခုများ ။
   ပွင့်ပြာမှာ  ၀ါလဲ့ဝင်းမှ ၊ ဆင်းရမယ်လား ။

* အိုအချင်း  ကျူရိုးရှင်။
   စုန်ချည် ဆန်ချည်းနဲ့
   တစ်ပြန်စီ  ဒီတရား ၊ ကြားပါစ  ရှင် ။
   တက်ချိန်ကျ  တက်ခဲ့လျှင် ၊ ဆင်းချိန်တွင်  မနှေး ။
   ဒီချောင်းနေ  ဗေဒါမျိုးမှာ ၊ ရိုးလှပြီလေး ။

* အိုးအချင်း  ကျူရိုးရှင်။
   ပွင့်ပြာမှာ  ၀ါလဲ့ဝင်း ၊ ဆင်းပြလိုက်ချင် ။
   အပွင့်ကားရယ်နဲ့
   ချောင်းဖျားမှာ  လှရွှေစင် ၊ ချောင်းရေယဉ်  လှပုလဲ ။
   ချောင်းဝမှာ မြတစ်ခဲ ၊ လှလိုက်မှာပဲ ။   ။
 
          *     *     *      *     *

           ( ၁၉၆၀ )

Monday 11 February 2013

ဗေဒါလမ်း ( ၂၀ ) တင်းရပုံပဲ

* ဖူးတံက  ညိုတိုတို ။
   စုန်ရေ  ဆန်ရေနဲ့
   ဗေဒါဆွေ  ရေအလှ ၊ ချောင်းမ  တစ်ခို ။
   ရေငန်နဲ့ရေချို ၊ ဥဒဟို  မစဲ ။
   နေ့မရှောင်  ညမအား ၊ နားရရှာပဲ ။

* နားချင်လို့  ခါတစ်ရံ ။
   မဗေဒါ  ရွာသူ့ပန်းပေမို့၊ ကမ်းကပ်မဲ့  ကြံ ။
   အစုန်မှာ  ကပ်ရပြန် ၊ အဆန်မှာ  ခွာရမြဲ ။
   အဆန်မှာ  ကပ်လျှင်လဲ (လည်း ) ၊ စုန်ဆင်းတော့  ခွဲ ။

* ကပ်ပြန်ရ  ၀မ်းမသာ ၊ ခွာပြန်ရ  ၀မ်းမနဲ (နည်း ) ။
   မဗေဒါ  စုန်ဆန်ရင်း ၊ တင်းရပုံပဲ ။

    *   *   *   *    *
        (၁၉၅၉-၁၉၆၀)

ဗေဒါလမ်း (၁၉) ချောင်းတစ်ခွင်

* ပွင့်ဖူးတံ ချီ ၊ ဗေဒါရီ  တစ်မိ ။
   ချောင်းတစ်ခွင်  သူဆန်သွား ၊ ချောင်းဖျားအထိ ။

* တစ်ရွာကိုကျော် ၊ တစ်ခေါ်လောက်  စခန်း ။
   မဗေဒါ  ဆန်တဲ့ချောင်း ၊ ကျောင်းနဲ့ နတ်လမ်း ။

* နတ်လမ်းကို  ကျော် ၊ တစ်ခေါ်လောက်  စခန်း ။
   မဗေဒါ  ယာဘက်ဘေး ၊ တဲလေး  အိမ်တန်း ။

* လေးအိမ်ကို  ကျော် ၊ တစ်ခေါ်လောက်  စခန်း ။
   မဗေဒါ  မယ့်လက်ဝဲ ၊ ကျွဲစားကျက်တန်း ။

* စားကျက်ကို  ကျော် ၊ တစ်ခေါ်လောက်  စခန်း ။
   မဗေဒါ ၀ဲယာလိုက် ၊ တော ဗျိုက်ဖြူတန်း ။

* ဗျိုက်တောကို  ကျော် ၊ တစ်ခေါ်လောက်  စခန်း ။
   မဗေဒါ ပတ်ချာဝိုင်း ၊ ကိုင်းမြက်ရှည်တန်း ။

* ရောက်ပြန်လျှင်  ပျော် ၊ ကျော်ပြန်တော့ သူလွမ်း ။
   ရောက်တိုင်း  တပျော်ပျော်နဲ့
   ကျော်တိုင်းသာ သူ့မှာလွမ်း ၊ ချောင်း  ဗေဒါလမ်း ။

       *    *     *    *
         (၁၉၅၉- ၁၉၆၀ )
  

Tuesday 5 February 2013

ညီမငယ်သို့ မွှေးနေ့လက်ဆောင်

အို...ညီမငယ်
ဝိဇာတဟု
ရောက်ထနေ့ဝယ်
ဆိုဖွယ်စကား
ကျွန်ုပ်ပြောကြားမည်
နောင်များတစ်ရာ
နှစ်ရှည်ကြာအောင်
ရှည်ကြာကာလ တည်စေကွယ်....။

အို...ညီမငယ်
ထိုမှတစ်ဖန်
ဆိုရပြန်မူ
တစ်အူတုံဆင်း
ညီမရင်းသို့
မယွင်းထားကာ
ပမာပြုပြီး
ကိုကြီးဆိုမည်
ဖူးတံငုံစီ
ပန်းဝတ်ရည်ကို
စုတ်ချီသောက်သုံး
ပျားပိတုန်းတို့
စုရုံးလို့သာ
ပန်းနားလာလိမ့်
ထားချိမ့်သတိမြဲစေကွယ်.....။

အို...ညီမငယ်
ထိုမှတစ်ဖန်
ဆိုရပြန်သော်
လောကဓံမည်ငြား
ထိုတရားလည်း
နေ့လား ညလား
ချိန်းထားတစိ
မြဲမရှိဘူး
ရောက်ရှိခါဝယ်
အားငယ် ဝမ်းသာ
မဖြစ်ပါပဲ
မျှော်ကာရည်မှန်း
ဘဝလမ်းကို
လျှောက်လှမ်းပန်းတိုင်ရောက်အောင်ကွယ်......။

သာကီမင်းသားလေး
5.2.2013