မင်္ဂလာပါခင်ဗျာ ဒီ ဘလော့ဂ်လေးကိုလာရောက်ကြည့်ရူ့ကြသူအပေါင်းကို ကျနော် သာကီမင်းသားလေး မှ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ
Showing posts with label ဝတ္ထုတို. Show all posts
Showing posts with label ဝတ္ထုတို. Show all posts
Monday, 25 February 2013
. . . . . . သာ ကိုးကွယ်တော့၏
                                                အခန်း(၁)
မိတ္ထီလာကန်ဘောင်ပေါ်မှ ယူကလစ်ပင်အောက်တွင် စာတစ်စောင်နှင့်အတူ သဇင်ပန်းကိုင်ပြီး သူမတစ်ယောက်တည်း ထိုင်နေသည်။ ထိုနောက် ကန်ရေပြင်ကို ကြည့်ရင်း ငိုင်နေသည်။ အကြော်ဆိုင်မှ ရေဒီယို ဖွင့်သံ သဲ့သဲ့လေးကြားနေရသည်။
ချစ်ဒါလီ ×××တစ်နှစ်တာရှည် ကြည်ရွှင်လန်းစေဖို့ ×××သဇင်ပန်းတွေနဲ့ ×××ဆင်မြန်းပေးခဲ့ပြီသည်ရာသီခါဆောင်း×××ဟောင်းတမေ့မေ့×××တရွေ့ရွေ့တာရှည်×××
သီဆိုသူသည် သူမကိုပင် ရည်ညွှန်းနေရော့သလား ။ တိုက်ဆိုင်၍လားမသိ ။ သည်သီချင်းသံကြားရင် သူမ ငိုချင်သည် ။ မြောက်အရပ်ဆီမှ ဆောင်းလေပြေအေး တိုက်ခတ်မှုကြောင့် လွှင့်ပါလာသော လှိုင်းနုနုလေးတို့၏ ဘောင်ဘင်ခတ်သံ ၊ ရေလည် ဘုရားဆီမှ ဆည်းလည်းခတ်သံ ၊ ယူကလစ်ပင်ပေါ်မှ ချိုး(ဂျိုး)နှစ်ကောင် ဖိုမ မောင်နှံ၏ ကူချွဲသံသည် သူမကိုပင် လှောင်ရော့ထင့်။ သူမ ယူကလစ်ပင်ပေါ်ကို မော့ကြည့်လိုက်သည် ။ ထိုအခိုက် ချိုး(ဂျိုး)တစ်ကောင်ထပြန်သွားသည် ။ သူမရင်ထဲ ဆို့နင့်သွားသည် ။ သီချင်းသံသဲ့သဲ့လေး လွှင့်လာပြန်သည် ။
မောင်မရောက်လာပြီ×××နှောင်းလတာရှည်×××ခင်မင်မပျက်အောင်အရေး×××သဇင်လက်ဆောင်ပေးဖို့ မောင်ဝေးပြီ×××
သူမမျက်ရည် အလိုလိုစီးကျလာသည် ။ ဘယ်လိုမှ တားဆီးခွင့်မရလိုက် ။ မထူးတော့ပြီ အသံသဲ့သဲ့နဲ့ ရှိုက်ငင်ငိုကြွေးလိုက်တော့သည် ။
                                                         အခန်း(၂)
“မြမြမြှေး၍ ၊ ဆီးသေးနှင်းဖြူ ၊ မြူလည်းကြွေလင့် ၊ မပွင့်နေခြည် ၊ မကြည်ကောင်းကင် ၊ ထက်ခွင်အုံ့ပျ ၊ ငြိမ့်မျှကိုယ်တွင်း ၊ ဆီးနှင်းကျရွှမ်း ၊ ချမ်းတို့စွလည်း ၊ ရင့်မြကြာညောင်း’’ ဟု ရတုဘုရင် ဆိုခဲ့သလို မြူနှင်းမှုန်လေးတွေ ကြွေကာကြဲနေသောကြောင့် ကောင်းကင်မှာ မကြည်မလင် ၊ထက်ခွင်အာကာမှာလည်း
အုံ့ပျပျနှင့် လွမ်းမောစရာကောင်းနေသည် ။ အရှေ့ယွန်းယွန်းမှ နေဝန်းကြီးလည်း အနောက်တောင်စွယ်မှာ ကွယ်စပြုနေပြီ ။ ဆောင်းရာသီညနေခင်း နေမင်းကွယ်စပြုတာနှင့် ဆီးနှင်းမြူမှုန်လေးတွေလည်း ရွှမ်းရွှမ်းဝေနေသည် ။ ဘုန်းမြင့်ဇော်တစ်ယောက် ပျင်းပျုင်းရှိတာနှင့် အဆောင်ရှေ့ထွက်ထိုင်နေသည် ။ ထိုအခိုက် ဖြတ်လျှောက်သွားသော မိန်းကလေး နှစ်ယောက်ကို ဘုန်းမြင့်ဇော်တွေ့လိုက်ရသည် ။ တစ်ယောက်မှာ ဆံပင်ရှည်ရှည် ၊မျက်တောင်ကော့ကော့ ၊ ခန္ဓာကိုယ်ကြော့ရှင်း၍ အလွန်လှသည် ။ အသားအရေမှာ ဝါဝါဝင်းဝင်းနှင့် ရွှေအဆင်းလို တောက်ပနေသည် ။ ဖက်ဖူးစိမ်းရောင် အင်္ကျီဝမ်းဆက်ကို ဝတ်ဆင်ထားသည့်အတွက် သူမ အသား အရေမှာ ပိုပြီးတောက်ပနေသည် ။ အားလုံး ခြုံကြည့်လိုက်ရင် ဘုံကြိုးပြတ်ကြလာသည့် နတ်သ္မီးအလား ။ ကျန်တစ်ယောက်မှာမူ အသားရေ ညိုပြာပြာနှင့် အတော်အသင့်လှပါသည် ။ သို့သော် သူ့အလှသည် သူမလောက် မဟာဆန်သူမဟုတ်ပါ ။ သူမ၏ အလှသည်သာလျှင် မဟာဆန်သည် ။ မဟာဆန်သူ သြော် . . . ကျနော်ရဲ့ မဟာဆန်သူ ။
“ဘုန်းမြင့်ဇော် တစ်ယောက်တည်း ဘာစဉ်းစားနေတာလဲ ’’ ။ သူငယ်ချင်းဖြစ်သူ မောင်မြင့်အောင်က မေးလိုက်ခြင်းဖြစ်သည် ။ “ ဘာမှ မဟုတ်ပါဘူး မြင့်အောင်ရာ ပျင်းပျင်းရှိတာနဲ့ ထွက်ထိုင်နေတာ” ဟု အတူနေ သူငယ်ချင်းကို ဘုန်းမြင့်ဇော် ပြောလိုက်သည် ။ “ နတ်သမီးလေး တစ်ပါးတွေ့လိုက်လို့ ထိုင်ငေးနေတာ ’’ ဟု တစ်ဆက်တည်းပြောလိုက်ပြန်သည် ။ “ ဘာ . . . နတ်သမီး . . .ဟုတ်လား” ။
“အေး . . . ဟုတ်တယ် ’’ ။ “တစ်နည်းပြောရရင် မဟာဆန်သူပေါ့ကွာ ၊ သိပ်လှတယ်ကွ ” ။ “ဘယ်လောက်လှလို့ အဲ့လောက်တောင် တင်စားနေရတာလဲ ဘုန်းမြင့်ရာ ” ။ “ ဟိုစာသားလိုပေါ့ကွာ နတ်ရှင်နောင် ရေးခဲ့တာလေ ” ။
“လှဆုံးတင်နေ ၊ ထုံးသရေနှင့် ၊ ထွေထွေကြည့်တိုင်း ၊ ပြစ်မျိုးရိုင်းသည် ၊ စံခိုင်းလှော်သစ် ၊ ရွှေနှယ်နှစ်မျှ ၊ တင်ပြစ်မစက် ၊ လဲ့လဲ့ညက်ကို ၊ ထက်နေဘုံနေ ၊ ခုသာကြွေသို့ ” တဲ့ ။
“အဲ့ဒီလောက်ထိတောင် လှတယ် ဟကောင်ရ” ။
“ဟင် ” ဟုသာ မြင့်အောင်တမိလိုက်သည် ။
                                                           အခန်း(၃)
အတွေးအကြံတို့ကို လေ့ကျင့်ပေးရာဌာနဖြစ်သော တက္ကသိုလ်ဝန်းထဲမှာ အတန်းတက်ချိန်မို့ ကျောင်းသား ကျောင်းသူတို့ ကိုယ်စီကိုယ်စီ ဆိုင်ရာအခန်းသို့ သွားနေကြသည် ။ ထိုထဲတွင် ဘုန်းမြင့်ဇော်တို့ သူငယ်ချင်းနှစ်ယောက်လည်းပါသည် ။
“ဟင် . . . မဟာဆန်သူ” ။
ဘုန်းမြင့်ဇော် အံ့သြမှုနှင့်အတူ နှုတ်မှလည်း အသံထွက်သွားသည် ။ “ဘာဖြစ်တာလဲ ဘုန်းမြင့်” ။
“မနေ့က ငါပြောတဲ့ မဟာဆန်သူဆိုတာလေ” ။
“သြော် . . . သူလား” ။
“နေပါဦး မင်းက သူ့ကို သိနေလို့လား” ။
“သိတာပေါ့ကွာ သူ့နာမည်က ထားထားလွင်တဲ့” ။
“ငါတို့နဲ့ မြန်မာစာ မေဂျာတူတယ် ဒါပေမယ့် သူက ဒုတိယနှစ်ကျောင်းသူ ၊ ငါတို့က ပထမနှစ်” ။
“နေပါဦး ငါက ဘာဖြစ်လို့ သူ့ကို မသိတာလဲ ” ။
ဘုန်းမြင့်ဇော် ကိုယ့်ကိုယ်ကို မကျေနပ်သံဖြင့်မေးလိုက်သည် ။ “ဘယ်သိမှာလဲ မင်းက အချိန်ပြည့် အခန်းအောင်းပြီး စာကြည့်နေတာကို ” ။ ဟု မြင့်အောင် ပြောလိုက်သည် ။ဘုန်းမြင့်ဇော် ဘာမှ ပြန်မပြောမိ။
ထို့နောက် အခန်းထဲ ဝင်သွားတော့သည် ။ အခန်းထဲရောက်မှ ဗလာစာအုပ်ထုတ်ကာ ပထမဦးဆုံးသော စာမျက်နှာတွင် ရေးလိုက်သည် ။
“မဟာဆန်သူ ထား ကျနော့်ရဲ့ ထားသခင် ” ။
ထိုနေ့ညနေခင်းမှာလည်း ဘုန်းမြင့်ဇော်တစ်ယောက် ခါတိုင်းလို အဆောင်ရှေ့သို့ ထွက်ပြီးထိုင်နေမိသည် ။
×××မျှော်တော်ယောင်×××မျှော်တော်ယောင်×××မျှော်တော်ယောင်×××ဘဝက လွတ်ချင်ပြီ ×××သူ မကယ်ရင်××× သူ မကယ်ရင်×××မျှော်တော်ယောင် ဘဝက ကျွတ်ဖို့လမ်းမမြင်ဘူး×××
မြင့်အောင် ပြုံးစိစိလုပ်ကာ သီချင်းအော်ဆိုနေသည်။
“ဘုန်းမြင့် လာကွာ ၊ ငါတို့ ကန်ဘက်ကို လမ်းလျှောက်ရင်း ဘုရားဖူးသွားရအောင် ပြီးတော့ အကြော်စားရင်း စကားပြောကြတာပေါ့ကွာ” ။
သူငယ်ချင်းနှစ်ယောက် ရေလည်ဘုရား ကို ဝတ်ပြုပြီး ရှင်ဥပဂုတ္တဆင်းတုတော်ဆီသို့ ဆက်သွားပြီး ဝတ်ပြုနေပြန်သည်။
“ရော့” ။ ဟု နှုတ်မှဆိုပြီး ပစ်လိုက်သည် ။ “ ဟယ် . . . ချစ်ရေးဆိုခြင်းခံရလိမ့်မည် ” တဲ့ ။ ထားထားလွင်၏ နှုတ်မှထွက်လာသော အသံဖြစ်သည် ။ “ အင့် . . .ထား ဆက်ပြီး ပစ်လိုက်သည် ၊ ဘာလဲဆိုတာ ကြည့်ရတာပေါ့ ” ။ ဟု မေသူ ပြောပြီး ကြွေစိ တစ်မက်စိကို ထားထားလွင် လက်ထဲသို့ ထည့်လိုက်သည် ။ ဘောကွင်းပေါ်မှ သံပြားပေါ်တွင် ရေဖလား ရှစ်လုံးသည် မနားတမ်းလည်နေသည် ။ ထားထားလွင်တစ်ယောက် ရင်ခုန်နေသည် ။ ကလေးတစ်ယောက် ပမာ ပျော်နေသည် ။ထားထားလွင် တစ်မက်စိကို လက်ကလေးနှင့်ပွတ်ရင်း ပစ်ဖို့ချိန်ဆနေသည် ။
“ရော့ . . .ဟယ်” နှုတ်မှ အသံထွက်ပြီး ပစ်လိုက်သည် ။ “ဟင် . . . ချစ်သူနှင့် ကွေကွင်းရလိမ့်မည်” ။
“တော်ပြီဟာ . . . ကျန်တဲ့တစ်စိကို မေသူ နင်ပစ်လိုက်တော့” ဟု ထားထားလွင် မကြည်မသာ မျက်နှာထားနှင့် ပြောလိုက်သည် ။
“ရော့ . . . ဟယ် ’’ဆိုပြီး ပစ်လိုက်သည် ။ “စာမေးပွဲ အောင်လိမ့်မည်” ဟု ရေးထားသော ခွက်ထဲသို့ ကြသောကြောင့် မေသူ ခုန်ပေါက် ပျော်မြူးနေသည် ။
“ထားထားလွင်” ။ မြင့်အောင် ခေါ်လိုက်သော အသံဖြစ်သည် ။
“လာကွာ ဘုန်းမြင့် ငါမိတ်ဆက်ပေးမယ်” ။
“ထားထားလွင် ဒါ ငါ့သူငယ်ချင်း ဘုန်းမြင့်ဇော် ၊ မန်ကျည်းချောက်ရွာကလေ ၊ ငါနဲ့ အတူ အဆောင်မှာလာနေတာ ” ဟု မိတ်ဆက်ပေးလိုက်သည် ။
“ဒါ ကတော့ . . . ’’
“ကျမ မေသူပါ” ။
မေသူသည် သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်သည် ။
“ဟုတ်ကဲ့ ကျမက ပေါက်ချောင်း ရပ်ကွက်ကပါ ၊ ရှင့် လိုပဲ မေသူနဲ့ အတူ အဆောင်မှာ လာနေတာ” ဟု ထားထားလွင် ပြောလိုက်သည် ။ ဘုန်းမြင့်ဇော် ထားထားလွင်ကို ကြည့်လိုက်သည် ။ သူစတွေ့ခဲ့သည့် နေ့ကလိုပင် ဖက်ဖူးစိမ်း အင်္ကျီဝမ်းဆက်ကို ဝတ်ထားသည် ။
“မဟာဆန်သူ ထား ၊ သြော် . . . မဟာဆန်ရုံမက သူ့အလှသည် ကဗျာလည်းဆန် ၊ ကညာလည်း ဆန်ပါပေါ့လား ”ဟု ဘုန်းမြင့်ဇော် စိတ်ထဲကနေ မှတ်ချက်ပြုလိုက်သည် ။
“သို့ . . . အကြည့်ခြင်းဆုံသွားသည် ၊ ထားထားလွင်သည် ရှက်သလိုလို ကြောက်သလိုလိုနှင့် မျက်နှာကို အောက်သို့ ငုံ့လိုက်သည် ။
သြော်. . . ဒါသည်ပင် ကညာဆန်နေပါပေါ့လားဟု ဘုန်းမြင့်ဇော် စိတ်ထဲမှနေ၍ မှတ်ချက်ပြုလိုက်ပြန်သည် ။ “ တို့အကြော်စားရင်း စကားပြောရအောင်လား’’။ မြင့်အောင်ပြောလိုက်ခြင်းဖြစ်သည် ။ သူတို့အုပ်စု အဖွဲ့ကျကာ ပျော်ရွှင်စွာ ရယ်သံမောသံတို့နှင့်အတူ စကားပြောနေကြသည် ။ ဘုန်းမြင့်ဇော် သီချင်းသံကို နားစိုက်လိုက်သည်။
ကောင်းခြင်းငါးသွယ်×××ဂုဏ်အင်္ဂါကြွယ်×××အသားတော်ကဉ္စန×××
ယဉ်ပါလှတယ်×××အမရာကိန္နရီ×××မဒ္ဒီသမ္ဘူလ××တော်လေးဝပုံနယ်
ရွှေသားရုပ်သွင်×××ခင်မင်စရာငယ်×××မျက်နှာတော်ဝါဝါဝင်း×××
ရွှေလမင်းကြီးပုံနယ်×××
အကြော်ဆိုင်မှ ဖွင့်ထားသော သီချင်းသံဖြစ်သည် ။ ထိုဆိုင်မှ ဖွင့်သော
သီချင်းသံ ၊ မြောက်ပြန်လေတိုက်ခတ်မှုကြောင့် လွင့်ပါလာသော လှိုင်းနုနုလေးတို့၏ ဘောင်ဘင်ခတ်သံ ၊ ရေလည်ဘုရားမှ ဆည်းလည်းခတ်သံ ၊ ယူကလစ်ပင်ယံထက်မှ ချိုး(ဂျိုး)ကူသံတို့နှင့်အတူ
သူတို့အဖွဲ့၏ ရယ်သံမောသံတို့သည် လေထဲမှာ လွင့်ပါသွားတော့သည် ။
                                                    အခန်း(၄ )
မနက်ဖြန်ဆို ဖေဖော်ဝါရီ (၁၄ ) ချစ်သူများနေ့ရောက်ပြီ။
မြင့်အောင်တစ်ယောက် သူ၏ သက်ဆိုင်သူသို့လက်ဆောင်ပေးဖို့ ပါဆယ်ထုတ် ပြင်နေသောကြောင့် အငြိမ်ကိုမနေရ ။ ဟိုဟိုဒီဒီသွားရ ဝယ်စရာရှိတာ ဝယ်ရနှင့် အလုပ်ရှုပ်နေသည် ။ သူ့လိုပင် သက်ဆိုင်သူများကို လက်ဆောင်ပေးဖို့အတွက် အခြားသော လူငယ်လူရွယ်တို့လည်း ဟိုဟိုဒီဒီနှင့် နေရာတော်တော်များများမှာ ရောက်ယက်ခတ်နေသည် ။ ဘုန်းမြင့်ဇော်သည် ထိုကဲ့သို့သော လူငယ်လူရွယ်တို့လိုမဟုတ် ။ ဒီနေ့မှပိုပြီး ငြိမ်ချက်သားကောင်းနေသည်။
သို့သော် သူ့မှာ ခံစားတတ်သော နှလုံးသား ၊ချစ်တတ် ချစ်အပ်သော နှလုံးသားရှိသည်မဟုတ်ပါလား ။ ဒါကို သူပင် အသိဆုံးပါ ။ ဘုန်းမြင့်ဇော်
စာကြည့်စားပွဲပေါ်မှ ရေးထားပြီးသော စာကိုကြည့်ရင် ငြိမ်နေသည် ။
“ဘုန်မြင့်ဇော် ငြိမ်လှပါလား ၊ မနက်ဖြန်မှာ မင်းရဲ့ မဟာဆန်သူ ထားသခင်ကို လက်ဆောင်ပေးဖို့အတွက် ဘာမှမလုပ်ဘူးလား”။
“ဘုန်းမြင့်ဇော် ဘာမှပြန်မပြောမိ ၊ ငြိမ်မြဲငြိမ်နေသည် “။
“ဟကောင်ရ”
မြင့်အောင် အနားလာပြီး အော်လိုက်သည် ။
“အော်. . .ကဗျာရေးထားတာကိုး”။
မြင့်အောင် ပြောပြောဆိုဆို ယူဖတ်ကြည့်လိုက်သည် ။
“သူရှာပေးသော ငြိမ်းချမ်းရေး”
ပြည်မြန်မာ ကြည်သာဖို့ ၊ အားမာန်တို့စစ်ချီ
မျှော်လင့်ချက် ရွှေရောင်ခြည် ၊ သန်ရမည်မလွဲ. . . ။
သွေးရဲရဲ မြန်မာတို့ ၊ လွတ်ဖို့ရန် သူကြံသည်
ထိတ်လန့်ဖွယ် ရန်ခပင်း ၊ ရှင်းထုတ်ခဲ့သည်. . .။
ငြိမ်းချမ်းရေးအတွက်မို့ပင် ၊ အသက်ကိုပင် မငဲ့
ထိန်လင်စတဲ့ ဇာနည်တစ်စု ၊ အသေအချာ ပြုစုခဲ့လို့
ပြည်မြန်မာ ကြည်သာခဲ့ပါပြီ . . .။
“ငါ ထားကို လက်ဆောင်ပေးဖို့ ကြိုတင်စီစဉ်ထားပါတယ် အခုသွားယူမလို့”
ဘုန်းမြင့်ဇော် ပြောဆိုပြီး ထွက်သွားတော့သည် ။
                                                အခန်း ( ၅ )
  ဖေဖော်ဝါရီ ( ၁၄ ) ချစ်သူများနေ့ဘယ်နေရာကို ကြည့်လိုက်ကြည့်လိုက် သာသာယာယာ ရှိလှသည် ။
ယုတ်စွအဆုံး ကောင်းကင်မှာ ပျံသန်းနေသည့် ကျေးငှက်သာရကာတို့မှ
စ၍ ကိုယ်စီကိုယ်စီ စုံတွဲလေးတွေနှင့် ။ ချစ်ခွန်းတုံ့လှယ်နေသော ချစ်သူစုံတွဲ၏ စကားတို့လည်း ကြည်နူးစရာကောင်းနေသည် ။
“ထားကို မောင်လက်ဆောင်ပေးမယ်ဆိုပြီး ဘုန်းမြင့်ဇော် အသင့်ယူလာသော သဇင်ပန်းကို ပေးလိုက်သည် ။
“ရော့. . . မောင်ပြန်ယူ ၊ ထားကို မောင်ကိုယ်တိုင်ပန်ပေး”။
ဘုန်မြင့်ဇော် သဇင်ပန်းကိုယူပြီး ထားရဲ့ ခေါင်းမှာဆင်မြန်းပေးလိုက်သည်။
ထိုအခိုက် အကြော်ဆိုင်မှ သီချင်းသံ သဲ့သဲ့လေး လွင့်လာသည် ။
ချစ်ဒါလီ× × ×တစ်နှစ်တာရှည် ကြည်ရွှင်လန်းစေဖို့× × ×
သဇင်ပန်းတွေနှင့်× × ×ဆင်မြန်းပေးခဲ့ပြီ× × ×သည်ရာသီခါဆောင်း
ဟောင်းတမေ့မေ့××× တရွေ့ ရွေ့ တာရှည်×××
“ထား”
ဘုန်းမြင့်ဇော် ခေါ်လိုက်သည် ။ ထို့နောက် ပခုံးကို အသာအယာကိုင်ကာ
ရင်ခွင်ထဲသို့ စွဲသွင်းလိုက်သည် ။ ထားထားလွင်လည်း “မောင်”ဟုဆိုကာ
ဘုန်းမြင့်ဇော် ပခုံးကို အသာအယာ မှီလိုက်သည် ။ မြောက်အရပ်ဆီမှ
ဆောင်းလေပြေအေး တိုက်ခတ်မှုကြောင့် လွင့်ပါလာသော လှိုင်းနုနုလေး
တို့၏ ဘောင်ဘင်ခတ်သံ ၊ ရေလည်ဘုရားဆီမှ ဆည်းလည်းခတ်သံ ၊
ယူကလစ်ပင်ယံထက်မှ ချိုး(ဂျိုး)နှစ်ကောင် ဖိုမမောင်နှံ၏ ကူချွဲသံတို့သည်
သာယာနာပျော်ဖွယ်ကောင်းနေသည်။ ထို့နောက် ချစ်သူစုံတွဲ၏
ကြည်နူးစရာကောင်းသော ချစ်စကားလေးတွေနှင့်အတူ ပျောက်ကွယ်
သွားတော့သည် ။
အချိန်သည် နေ့စဉ်လည်ပတ်သည်နှင့်အမျှ တဖြေးဖြေး ကုန်ဆုံးခဲ့ပြီ။
အသစ်အသစ်သော နေ့ဆီသို့လည်း ကူးပြောင်းနေသည် ။
ချစ်သူများနေ့ဆီသို့ တစ်ကျော့ပြန် ရောက်ရှိလာသည် ။ထားထားလွင်
တစ်ယောက် ဘုန်းမြင့်ဇော် အလာကိုစောင့်ရင်း ယူကလစ်ပင်အောက်မှာ
ထိုင်နေသည် ။ သို့သော်. . . ။
လူငယ်တစ်ယောက် ရောက်လာပြီး အမက ထားထားလွင် ဟုတ်ပါတယ်နော် ၊ ကိုဘုန်းမြင့်ဇော်က ပေးခိုင်းလိုက်တာဟုဆိုကာ စာတစ်စောင်နှင့်အတူ သဇင်ပန်းကို ပေးသွားသည် ။ ထားထားလွင်
စာကို ဖတ်လိုက်သည် ။
“သို့
ရင်မှလိုက်ဆူ ၊ မောင့်သည်းအူကို ၊ အတူမကွာ ၊ခေါ်ချင်ပါလည်း ၊
မာလာပန်းမှာ ၊ သူရိယာကြောင့် ၊ ညိုးကာနွမ်းခြောက် ၊ ပင်ယံအောက်သို့၊
ကြွေပျောက်သည့်မျိုး ၊ အဖြစ်ဆိုးလို ၊ ဆိုးကျိုးတွေချည်း ၊ အသီးသီးနှင့် ၊
သိပ်သည်းလှစွာ ၊မောင့်မှာသာလျှင် ၊ ကညာပျိုလေး ၊ကောင်းစားရေးမို့၊
ရှောင်ပြေးထွက်ခွာ ၊ခင့်ဝေးရာကို ၊ ဖဲခွာရစ်မည် ၊ နေရစ်ပေတော့ ထားသခင်. . . . .။
မောင်
ထားထားလွင် မျက်ရည်စီးကျလာသည် ။ ရက်စက်လိုက်တာမောင်ရယ် . . .
ထို့နောက် ရေလည်ဘုရားဆီသို့ မျှော်ကြည့်လိုက်သည် ။ နုတ်မှလည်း
လက်ဝဲသုန္ဒရအမတ်ကြီး၏ ရတုကို ရေရွတ်လိုက်မိ၏ ။
ပတ်သန်းစွေအိုင် ၊ တဖြိုင်ဖြိုင်လျှင် ၊ရွာနိုင်လေခြင်း ၊ ငယ်ကရင်း၍ ၊
သက်နှင့်အတူ ၊ တောင့်တသူနှင့် ၊ အတူမကွာ၊ စုံပါစေဦး ၊နှစ်မကျူးလည်း
နှစ်ကူးရုံမျှ ၊လင့်ကောင်းစွတည့် ၊မိုးကရင်ရှု ၊သူကတတေ ၊သို့စင်မွေသော်
ပျောက်ပြေပါအောင်၊ကြံရေးဆောင်လျက်၊တစောင်တစည်း၊ပန်းလည်းတစုံ
စည်းခုံတဆူ၊ ရွှေဂူနံသင့်၊ ဘုန်းတော်နှင့်ကို၊ရက်မြင့်မရှည်၊စုံတော့မည်ဟု
ညွတ်ကြည်ဆုယူ၊ တောင်မှတ်မူသည်၊ တဆူသာ ကိုးကွယ်တော့၏…။
                                                ပြီးပါပြီ
                                                                                     သာကီမင်းသားလေး
                                                                                           9. 2. 2013
Friday, 18 January 2013
သက်သေတည်စေ
                                                           ၁
               ရာသီကား မိုးရာသီ၏ နောက်ဆုံးရက်ဖြစ်သည်။မိုးကုန်လို့ဆောင်းကူး မြောက်ပြန်လေမြူးကာ
တစ်မျိုးကြည်နူးစရာ ကောင်းနေသည်။ ဝသန္တ မိုးလရာသီ၏ နောက်ဆုံးနေ့ရက်မို့ ထင်ပါရဲ့ ကောင်းကင်မှာ
မိုးတိမ်တွေညို့ကာ အညိုးနှင့် ရွာမည့်အသွင်ဆောင်နေသည်။ သို့သော်..ရွာတော့ဖြင့် မရွာ ။ဥတ္တရလေပြေ
ညှင်းကလည်း ဟေမန္တဆောင်းရာသီ၏ အကြိုအနေဖြင့် လေပြေသွေးကာ လူကိုချမ်စိမ့်စိမ့်ဖြစ်စေသည်။
အချိန်ကား တန်ဆောင်မုန်းလပြည့်နေ့ည ၊တစ်မျိုးခေါ်ရသော် ဆေးပေါင်းခတဲ့ည ။
ဤညကို ဆေးပေါင်းခတဲ့ညဟု ဟိုးယခင်ကတည်းကိုက အခုချိန်ထိတိုင်အောင် ခေါ်ဆိုခဲ့ကြသည်။နောင်ကို
လည်း ယခုကဲ့သို့ပင် ခေါ်ဆိုပေဦးမည်။ မှန်ပါသည် ။ ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်ညဆိုရင်
ကျနော် ပျော်သည်။ အထူးသဖြင့် ကျနော်တို့ မိတ္ထိလာမြို့ကလေးမှာ ပိုလို့ပင် ပျော်ရွှင်စရာကောင်းသည်။
ကျနော်ကဲ့သို့ပင် မြို့သူမြို့သားများလည်း ပျော်ကြသည်။ ကန်ဦးရပ်ကွက် ဝမ်းတော်ပြည့်ဆရာတော်၏
ဓာတ်တော်ပူဇော်ပွဲ ဆီမီးတစ်ထောင် ပန်းတစ်ထောင်ပူဇော်ပွဲမှာလည်း ပျော်စရာကောင်းလှသည်။
 သာ၍ပျော်စရာ ကောင်းသည်ကား ကျနော်တို့မိတ္ထီလာမြို့၏ အထင်ကရဖြစ်သည့် ကန်တော်ကြီး၏
ရေလည်ဘုရားတွင် ဆီမီးပူဇော်ရခြင်း ၊ကန်ထဲမှာ ဆီမီးလွတ်ခြင်း ကြာပန်းလွတ်ခြင်းတို့ပင်ဖြစ်သည်။
ကန်ဘောင်ပေါ်မှာလည်း သွားသူကသွား ၊ လာသူကလာ ၊ တစ်ချို့ကလည်း ကြာမီးပန်းတွေကြည့်နေကြ
သဖြင့် ကြိတ်ကြိတ်တိုးကာ  စည်ကားနေတော့၏ ။
             တဖြေးဖြေးနှင့် အချိန်နှောင်းလာသဖြင့် လူသူနည်းပါးလာ၏ ။ကျနော်လည်း တံတားပေါ်မှနေပြီး
တောင်ဘက်ကန်ကိုမျက်နှာမူကာ တစ်မျှော်တစ်ခေါ်ကြည်ရှု့မဆုံးသော ကန်တော်ကြီးကိုကြည့်ပြီး
လေကောင်းလေသန့်ရူနေ၏ ။လပြည့်ညဖြစ်သဖြင့် ကောင်းကင်မှ ငွေလစန္ဒာမှာလည်း ထိန်ထိန်သာနေ၏။
ကျနော်လည်း ကောင်းကင်းမှ လပြည့်ဝန်းကြီးကိုကြည့်လိုက် ၊ ကန်ရေပြင်ကိုကြည့်နှင့်မှင်သက်မိနေသည် ။
နောက် စိတ်ကို လေနှင်ရာသို့ စေလိုက်သည်။” သြော်...ကောင်းကင်မှ လမင်းကြီးသည် နံနက်မိုးသောက်
အလင်းမရောက်မှိ လူသားအားလုံးအား စိတ်၏ ကြည်လင်အေးမြခြင်းကို ပေးစွမ်းနိုင်သည် ။
မနုဿတ္တဘာဝေါ ဒုလ္လဘော ရခဲလှစွာသော လူ့ဘဝကို ကျနော်ရလာခဲ့သည်။ ကျနော်လည်း လူသားအား
လုံးကို နုတ်ဆက်မသွားခင်မှာ လောကကြီးကို အကောင်းဆုံးနေပြသွားချင်သည်။ ကျနော်၏ အကောင်းဆုံး
သော နေခြင်းကို လောကကြီးအား သက်သေအရာ၌ တည်စေမည် ။ ကျနော်၏ အသက်ရှင်ခြင်း ၊ အသက်
ရှည်ခြင်း၌ လူလို အသက်ရှည်ရမည် ”။ ထိုအခိုက် အမျိုးသမီးတစ်ယောက်၏ ဆူးဆူးဝါးဝါး အော်သံကို
ကြားလိုက်ရတော့သည် ။
                    ×                   ×                ×                     ×
                                                          ၂
                  "တော်သေးတာပေါ့...သီးလေးရယ် သူဇာရယ်..၊ မသေကောင်း မပျောက်ကောင်း' ဟိုသူငယ်သာ..မကယ်ရင် အမလေးလေး အမေတော့ ရင်ကျိုးရချည်ရဲ့."ဟု မိခင်ဖြစ်သူ ဒေါ်ခင်မြတ်နွယ်
ဆိုလေသည်။
"သို့နှယ် သူငယ်လေးနာမည်က ဘယ်လိုခေါ်သလဲ သမီးကြီး"
မမေးလိုက်ရဘူးမေမေ ညီမလေး သူဇာကို ရေထဲကဆယ်ပြီး ၊သူဘာမှ မဖြစ်ပါဘူး ၊ သတိလည်း မလစ်ပါဘူး" လို့ ပြောပြီးထွက်သွားတာပဲ မေမေဟု ခင်လေးသွယ် ပြောပြလိုက်သည်။ 
"ညည်းတို့အေ ကိုယ့်အသက်သခင် ကျေးဇူးရှင်ကို  ဘယ်မှာနေတယ် အသာထား နာမည်လေးတောင်
မေးဖော်မရဘူး" ဟု ပြစ်တင်ပြောဆိုလေသည်။ " ကဲ...သမီးတို့ ရေလည်ဘုရားကို သွားဖူးကြမယ်"
"ဟုတ်...မေမေ" လို့ ခင်လေးသွယ် ပြောလိုက်သည်။ ရေလည်ဘုရားသို့ ရောက်သောအခါ ဒေါ်ခင်မြတ်နွယ်သည် ကန်သမိုင်းကို ပြောပြလေ၏။
"သူဇာနွယ်...အလန့်တကြားနဲ့ အော်လေသည်..မေမေ..ဟိုမှာ ...ဟိုမှာ..။
ဘာလဲ...သမီး.။ သမီးရေနစ်တုန်းက ကယ်သွားတဲ့လူ..။ ဘယ်မှာလဲ..သမီးငယ်..။
ဟိုမယ်လေ...မေမေ...အထက.၁. ကျောင်းနောက်ကျောက ကန်ပတ်လမ်းမှာ မယ်ဒလင်တီးနေတာလေ"
ဟု သူဇာနွယ်က ပြောလိုက်၏ ။
"ကဲ...သမီးတို့ ...ကျေးဇူးရှင် သူငယ်လေးဆီကို ...သွားကြမယ်" ဟု ဒေါ်ခင်မြတ်နွယ် ပြောလိုက်သည်။
စွဲမိပါပေါ့×××ခင်ရယ်××× ချစ်လို့ကို×××ဘယ်မဝနိုင်တော့တယ်×××မပြောပဲနဲ့××ကြားကြားမိတယ်
မျက်စိထဲမယ်×××တဝဲလည်လည်×××မကြည့်ဘဲနဲ့ကို×××အဆင်ပြေနေပြန်တော့တယ်×××
အုန့်ပုန်းချစ်×××တစ်ရက်လောက်ချစ်ရတာတွေရယ်×××လင်မယားချစ်×××တစ်သက်လိုက်လို့မမှီပါတယ်
ရွာပုံသာတယ်×××စဉ်းစားလေလေ×××မချိလေပါပဲခင်ရယ်×××ရာဇာဝင်းတင့်ရဲ့
အုန်းပုန်းချစ်သီချင်းကို ဆွေးမြှေ့သံဖြင့်သီဆိုနေ၏ ။ "အဟမ်း...အဟမ်း" ဟု ဒေါ်ခင်လေးနွယ် ချောင်းဟန့်
သံပေးလိုက်သဖြင့် ရပ်သွား၏ ။ "သူငယ်လေးက အဒေါ်သမီးကို ကယ်လိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်
ကွယ်.."ဟုတ်ကဲ့...ရပါတယ် အန်တီ...လူ့အသက်တစ်ချောင်းကို ကယ်ကောင်းပါတယ် ။အယ့်နေရာမှာ
အန်တီသမီး မဟုတ်ပဲ တစ်ခြားတစ်ယောက်ဆိုရင်လည်း ကျနော် ကယ်မှာပါ။ ထိုအခိုက် သူဇာနွယ်
မှဲ့ပြုံး ပြုံးလိုက်သည်။ ဒါနဲ့ သူငယ်လေး...နာမည်က ဘယ်လိုခေါ်သလဲကွယ့်...နောက် ဘယ်မှာနေတာလဲ...
ဟုတ်ကဲ့...ကျနော့်နာမည် ကိုကိုမောင်လို့ ခေါ်ပါတယ် အန်တီ..။ကျနော် နဂါးရုံကျောင်းတိုက်ထဲက
ဦးလေးဘုန်းကြီးကျောင်းမှာနေပါတယ်..။ သူငယ်လေ...ကျောင်းရော တက်သေးလား..။ ဟုတ်...အန်တီ
ကျနော် တတိယနှစ် မြန်မာစာအထူးပြုနဲ့တက်နေပါတယ်..အော် ...ဒါဆို အန်တိ သမီးငယ်သူဇာနဲ့တူတူပေါ့
ဒါနဲ့...ဒါ...အန်တိသမီးငယ်...သူဇာနွယ် တဲ့..၊ ဒါကတော့ သမီးကြီး...ခင်လေးသွယ်...လို့ ခေါ်ပါတယ်။
လူလေး...မှတ်ထားနော် ၊ လမ်းတွေ့လည်း နုတ်ဆက်ပါ...။ ဟုတ်ကဲ့ပါ..အန်တီ..ကျနော်မှတ်ထားပါ့မယ်ဟု
ကိုကိုမောင် ပြောလိုက်၏ ။ အော်...ဒါနဲ့ ...အန်တီတို့အိမ်က ပထမလမ်းမတော် ..ရွှေအုန်းပင်စားသောက်
ဆိုင်နားမှာကွယ့်...။လူလေး...အားတဲ့အခါ လာလည်ပေါ့ကွယ်...။ဟုတ်ကဲ့...ဟု ကိုကိုမောင် ခေါင်းညိမ့်ပြီး
ပြောလိုက်၏ ။ ဒါဆို...အန်တီတို့ ပြန်အုန်းမယ်နော် ။ဟုတ်ကဲ့ပါ..အန်တီ ။ ဟဲ့...သမီးငယ်.နုတ်ဆက်လိုက်လေ..။ဟို....ဟို....ကိုကိုမောင်...သူဇာတို့...ပြန်အုန်းမယ်နော် ။
ဟုတ်ကဲ့ပါ...ဟု နုတ်မှမပြောသော်လည်း မျက်နှာလေးကို သေချာကြည့်ပြီး ခေါင်းညိမ့်လိုက်၏ ။ ထို့နောက်
ကိုကိုမောင်တစ်ယောက် ကြည့်ရှု၍ မဆုံးသော ကန်ရေပြင်ကို ငေးမောရင်း ကျန်ရစ်နေတော့သည် ။
                          ×                 ×               ×                        ×  
                                                                                ၃
                        အတန်းဆင်းချိန်ဖြစ်သောကြောင့် တက္ကသိုလ်မိန်းထဲမှာ ကျောင်းသူကျောင်းသားတွေ
သွားလာလှုပ်ရှားနေကြသည်။ ကိုကိုမောင်နှင့် မောင်ဇော်ဝင်းတို့  သူငယ်ချင်းနှစ်ယောက်လည်း  လမ်းလျှောက်ရင်း စကားပြောပြီး နဂါးရုံကျောင်းဆီသို့ ပြန်လာသည်။ ထိုတွင် မောင်ဇော်ဝင်းက မေးလိုက်၏ ။ " ကိုကိုမောင် တက္ကသိုလ်ဆိုတဲ့ အဓိပ္ပါယ်ကို မင်းဘယ်လို ဘာသာပြန်မလဲ..?။ ကိုကိုမောင်လည်း
မောင်ဇော်ဝင်း အမေးကို တခဏတွင်းဖြေလိုက်၏ ။" တက္ကသိုလ်ဆိုတာ တက္ကသီလဆိုတဲ့ ပါဠိပုဒ်ဖြစ်တယ်
ပါဌ်ပျက်အနေနဲ့ တက္ကသိုလ်လို့ ခေါ်တာ ၊ တက္က သီလဆိုတဲ့ ပါဠိဟာလည်း  တက္ကတစ်ပုဒ် သီလတစ်ပုဒ်ပဲ ။
တက္ကပုဒ်က အတွေးအကြံလို့ အဓိပ္ပါယ်ရတယ် ၊ သီလကတော့ အကျင့် ၊ အလေ့အကျင့်လို့  အဓိပ္ပါယ်ရတယ်။
အဖြောင့်ဘာသာပြန်ရင် အတွေးအကြံတွေကို လေ့ကျင့်ပေးတဲ့နေရာဋ္ဌာနလို့ အဓိပ္ပါယ်ပြန်တယ် ၊ ဒါကိုပဲ
ပါဠိပုဒ်ပျက် အခေါ်အဝေါ်အားဖြင့် တက္ကသိုလ်လို့ခေါ်ကြတယ် ။ တကယ်တော့ တက္ကသိုလ်အထက်မှာ
ဘာမှမရှိရဘူး ၊ အစိုးရလည်း မရှိရဘူး ။ ပညာရှင်သာ ရှိရတယ် ။ ထိုအခိုက် တွီ...တွီ..ဟူသော ကားဟွန်းသံ
နှင့်အတူ အနားလာရပ်သည်။  " ကားမှန်ကိုချရင်း သူဇာသည် ရှင်...ရှင်.ဟု ဆက်မပြောပဲ ထစ်နေသည်။
ဟုတ်ပါတယ်...ကျနော် ကိုကိုမောင်ပါဟု သူ့ကိုယ်သူ ပြန်မိတ်ဆက်ပေးလိုက်သည်။
" ရှင် ညနေခင်း ငါးနာရီးအားသလား ...ဟုတ်...ကျနော် အားပါတယ် ..ဟုပြောရင်း သူဇာနွယ်မျက်နှာကို
သေချာလေး စိုက်ကြည့်လိုက်သည်။ ဒါဆို...ကန်ပတ်လမ်းကို လာခဲ့ပါ့လား ကျမတို့ လမ်းလျှောက်ရင်း
စကားပြောကြတာပေါ့...ဟု သူဇာနွယ် ပြောလိုက်၏ ။ ဟုတ်ပြီလေ...ကျနော် လာခဲ့ပါ့မယ် ဟု ကိုကိုမောင်
ပြန်ဖြေလိုက်သည်။  " ဒါနဲ့ ရှင်..မယ်ဒလင် တီးတတ်တယ် မဟုတ်လား ၊ အင်းလေ...ကျနော် တီးတတ်ပါတယ်
ဒါဆို...မယ်ဒလင်လည်း  ယူခဲ့ပါလား ။ ရှင်ဆိုတာကို ကျမ နားထောင်ချင်လို့ ပါ ။  ကောင်းပြီလေ...ကျနော်
ယူခဲ့မယ် ။ ညနေခင်း ...ငါးနာရီနော် မေ့မနေနဲ့ဦး ...လို့ ပြောပြီး ကားမောင်းထွက်သွားတော့သည်။
" ယဉ်မူငယ်ရာ သူဇာနတ်လော၊ မြင်သူမောလို့ ၊ နွယ်ကျော့နုပျို ၊ခရာပိုငယ် ၊ တာလိုများသဘင် ၊ ရှု့တိုင်းသာယဉ်လော့ ၊ ငါးအင်ကျော့ စုံညီငယ် ၊ ဒုမ္မနီတော့တပါးဟာမို့ ရှားလှတယ်လေး"ဟု ကိုကိုမောင်
နုတ်မှညည်းကာ ကျန်ခဲ့လေတော့၏ ။
                                           ×                        ×                          ×                          ×
                   ကိုကိုမောင်နှင့်သူဇာတို့ လမ်းလျှောက်စကားပြောပြီးနောက်  ယူကလစ်ပင်မှ ကန်ထဲသို့
သွယ်ကျနေသော ရေသောက်မြစ်ပေါ်မှာ ထိုင်ပြီး စကားပြောနေကြပြန်သည်။ သူဇာသည် ထိုင်နေရာမှ
ထသွား၏ ၊ ကန်စ ရေကြည်ထဲမှ ကျောက်စရစ်ခဲကလေးပေါ်မှာရပ်ရင်း ခြေထောက်ကို ကြည့်နေမိသည်။
"ကိုကိုမောင်...အမလေး...ရှင့်နာမည် ခေါ်ရတ်ာလည်း မလွယ်ပါ့လားနော် ။ ရပါတယ် သူဇာ အဆင်ပြေသလို
ခေါ်ပါ ၊ ကိုကို လို့ပဲခေါ်ခေါ် ၊ ဟို...မောင်လို့ပဲခေါ်ခေါ်ပေါ့ ။ အဆင်ပြေတာကို ခေါ်နိုင်ပါတယ် ။
" အရေးထဲ..ရှင်က...အသားယူနေပြန်သည်...ဟုပြောကာ ကိုကိုမောင်မျက်နှာကို သေချာစိုက်ကြည့်လိုက်
သည်။  "ကျမ...ဟို...ကိုကို့ ကို ကျေးဇူးတင်ပါတယ်လို့ ထပ်ပြီးပြောပါရစေရှင် ။ သြော်...ကိုကိုပြောခဲ့ပါပြီကော
ကိုကို ကယ်လိုက်လို့ သူဇာ အသက်ရှင်သန်ခွင့် ရလာတယ် ။ဒါပေမယ့်  ...လူလို အသက်ရှည်ဖို့ဆိုတာ
လိုလိမ့်မယ်။ ဆရာကြီး ဦးအောင်သင်းက ပြောတယ် " လူလိုအသက်ရှည်ဖို့ဆိုတာ တာဝန် သိရမယ်
တာဝန် ယူဝံ့ရမယ် ၊ တာဝန်ဆောင်ရမယ် ၊ ဒီလိုပြောတယ် ။ တာဝန်သိရမယ်ဆိုတာက ကိုယ်ကျင့်ရမည့်
တရား ၊ကိုယ်ကျင့်တရားကို ဆိုလိုတာပဲ ။ ဥပမာကွာ...မိဘက မိဘကျင့်ရမည့် တရားရှိသလို သားသမီးလည်း  သားသမီးကျင့်ရမည့်တရားရှိတာပဲ စသည်ဖြင့်ပေါ့ ဒါကိုပဲ ကိုယ်ကျင့်ရမည့်တရား ကိုယ်ကျင့်တရားလို့  ဆိုတာပဲ သူဇာ ။လေးနက်စွာပြောနေသော ကိုကိုမောင်ကို  သူဇာ သေချာစိုက်ကြည့်
မိပြန်သည်။  နောက် တာဝန်ယူဝံ့ရမယ် ...ဒါကတော့ ရှင်းပါတယ် ၊ သတ္တိကိုပြောတာပဲ ။ သတ္တိရှိမှသာလျှင်
တာဝန်ကို ယူရဲတာ။  တာဝန်ဆောင်ရမယ်ဆိုတာ ပညာကိုပြောတာပဲ ။ ပညာတတ်မှ ပညာရှိမှ တာဝန်ကို
ဘယ်လို ကျေပွန်စွာ ဆောင်ရမည်ဆိုတာ နားလည်နိုင်တာပဲသူဇာ ။" အခုပြောခဲ့တဲ့ သုံးချက်ဟာ လောကီ
ဘက်ကနေကြည့်ပြီးပြောတာနော် ။ တစ်ခါ လောကုတ္တရာဘက်ကနေ ပြန်ကြည့်လိုက်ရင် သီလ၊ သမာဓိ ၊
ပညာကို  ဒီသုံးချက်ပါပဲ ။ သူဇာတစ်ယောက် အံ့သြဟန်ဖြင့်  ကြည့်မိပြန်သည်။  ကိုကိုက လောကုတ္တရာတွေ
လည်း သိတာပဲနော် ။ ကိုကို ငယ်ငယ်က အဘိဓမ္မာကို တစ်ခေါက်ပေါက်အောင်  သင်လိုက်ရတယ် ။
သူဇာသည် စကားကို အဆက်စပ်မရှိပဲ ပြောလိုက်သည်။ ကိုကို သူဇာတို့ မိတ္ထီလာကန်ကြီးက အံ့သြစရာ
ကောင်းတယ်နော် ။ ဟုတ်တယ်...သူဇာ ၊ ကြိုးကြာမသောက် ရေမနောက် မပေါက်ရွှေကြာ မိတ္ထီလာ..၊
မကျည်းတစ်ဆစ် ပေတရစ် ၊ နဂါးရေသောက် လူတစ်ယောက်  နဂါးရေမြုပ် လူတစ်အုပ် ...ဟု ကိုကိုမောင်
မနားတမ်းပြောလိုက်သည်။  ' ပိုပြီး ..အံ့သြစရာကောင်းတာက မြောက်ဘက်ကန်နှင့် တောင်ဘက်ကန်
ရေချင်းဆက်စပ်နေပါလျက် မြောက်ဘက်ကန်သည် ရေနှောက် ၊ တောင်ဘက်ကန်သည် ရေကြည်ပဲ...ဟု
ကိုကိုမောင်ပြောနေပြန်သည်။ ထို့နောက် မယ်ဒလင်ကောက်ကိုင်ကာ သီချင်းဆိုတော့သည်။
ချစ်သူ×××ခင်ခင်ပျိုရယ်×××မေတ္တာတော်ကဲ×××စွဲမိပေါ့ကွယ်×××ခင့်ရူပါ×××အလှကလေးရယ်ကြောင့်
ခဏလေးတောင်×××မှေးစက်မပျော်နိုင်းအားတယ်×××ရုပ်ချောသူရယ်××× လှရှာပါပေ့ကွယ်×××ခင်ခင်ရယ်×××ကြင်ကြင်ရယ်×××ကောင်းခြင်းငါးဖြာကြွယ်×××။ အသားတော်×××
ဖြူပါလှတယ်×××စကားနော်×××ကြူကာမှကွယ်×××အသနားခံတယ်×××ချစ်ခင်ပါလားလို့ ဆိုချင်တယ်
အပျိုခင်ရယ်×××ရေလည်အောင်×××မောင်ကြံရွယ်  သဘောကရယ်×××မနေကကြွယ် ယုံကြည်စွာပဲ
မျှော်လင့်မိပါတယ်×××စေတနာထားပါတော့ကွယ်×××အလှဖြူပြာ×××သူဇာခင်ခင်ရယ်×××
မြတ်နိုးသူရယ်×××ချစ်မိုးစွေခဲ့တယ်×××ဘုံကြိုးပြတ်တဲ့ ဒေဝီနတ်မျိုးနွယ်×××သြော်×××မျက်မာန်တော်
ငြိုးပါနဲ့××× မျှော်ကိုသူ ×××စောင့်စားလို့သာ ×××မောင့်မှာနေမိတယ်×××ခင်ပျိုနှမရယ်×××ပင်ကိုလှတယ်
ရွှေအားတော်ငယ်×××သနားစိတ်နဲ့×××ချစ်စမ်းပါကွယ်×××။
သူဇာတစ်ယောက် ကိုကိုမောင့် သီချင်းဆိုသံထဲမှာ နစ်မျှောနေတော့သည်။
                   ×                        ×                           ×                                ×
                                                                          ဆက်ရန်
                                                                                သာကီမင်းသားလေး
Sunday, 7 October 2012
အလွမ်းဝေစေသည့် နှင်း....
                                                               ၁
                           ဆောင်းရာသီရဲ့ ဖြေးညှင်းစွာတိုက်ခတ်လာသော လေသည်  ခန္ဓာကိုယ်ကို  ချမ်းစိမ့်စေပါသည်။ရာသီဥတု၏ ဖောက်ပြန်မှုကြောင့်  ထင်ပါရဲ့  ကောင်းကင်မှာ ညို့ မှိုင်းအုံ့စိုင်းနေသည်။
ကိုလွမ်းဝေ  သည်   ရာသီဥတုကို ကြည့်ပြီး  လွမ်းချင်သလိုလို   ဖြစ်နေသည်။      လွမ်းစရာ ရှိသလားဆိုတော့  မရှိ ။သို့ပေမယ့်     စိတ်ထဲမှာတော့   လွမ်းနေသည်။  ဘယ်အရာကို လွမ်းနေမှန်း မသိ ။  သြော်....စိတ်သည်   တယ်ခက်ပါပကော လို့  ညည်းညူမိတော့သည်။ ထို့  နောက် ကိုလွမ်းဝေသည်
ရွာ အရှေ့ပိုင်းမှ သူငယ်ချင်း မမိုးတစ်ယောက် မြို့ကပြန်လာသည်ဟု  သတင်းကြားသောကြောင့် မမိုး ဆီကို  ထွက်လာခဲ့သည်။
”ဟေ့  ...မမိုး...မမိုး....”  ဘာတုန်းဟဲ့....။
”နင်မြို့က  ပြန်လာတယ်  သတင်းကြားလို့   ငါ..နင့်ဆီကို  အလည် လာခဲ့တာ...။
သြော်....အင်း...အင်း...အိမ်အောက်က ခဏလေး စောင့်နေ ။
ငါ  အဝတ်စားလည်းပြီး  ဆင်းလာခဲ့မယ်။”အေး..အေး..”။
ကိုလွမ်းဝေ တစ်ယောက်  အိမ်အောက်မှာ ထိုင်စောင့်ရင်း  စားပွဲပေါ်မှ  စာအုပ်တွေကို ဖတ်နေမိသည်။
နောက်ဆုံးဖြစ်သည့်  စာအုပ်အမည်ကို သေချာဖတ်လိုက်၏  နတ်သျှင်နောင်နှင့် ဓာတုကလျာ..တဲ့ ..။
ထို့ နောက်  စာရေးသူအမည်ကို ဆက်ဖတ်လိုက်သည်။  ကထိက စိန်လွင်လေး  ဆိုပါလား..။
ဖတ်ကြည့်အုန်းမှဆိုပြီး  အလယ်လောက်ကို လှန်ကြည့်လိုက်သည်  ။ခေါင်းစဉ်က  ”ဆွတ်ပျံ့ဖွယ်  ရတု”ဖြစ်၏။     အောက်ကိုဆက်ဖတ်ကြည့်သည်  ”တင့်လှပေဟန်၊ ဖက်မရန်တည့် ၊ခြောက်တန်နတ်ရွာ၊ ဘုံကလာသို့”..တဲ့  ။ကိုလွမ်းဝေ စာအုပ်ကို ပြန်ပိတ်လိုက်သည်။
           ထို့နောက်  စဉ်းစားခန်းဖွင့်နေတော့၏ ။ ဘာတဲ့....ခြောက်တန်နတ်ရွာ ၊ဘုံကလာသို့  ...တဲ့။
နတ်ပြည်ခြောက်ထပ်မှ  ဆင်းလာသကဲ့သို့  ဆိုပါလား။
”ဟဲ့...  နင်..စောင့်နေရတာ  ကြာသွားသလား..”။
ရပါတယ်  မကြာပါဘူး။   ”ရော့...ဒီစာအုပ်တွေက  နင့်..အတွက် ဝယ်လာတာ..။
အေး...အေး...ကောင်းပါတယ်..။
           ထို့နောက်  ခြေသံကြားလို့  လှည့်ကြည့်လိုက်သည် ကိုလွမ်းဝေ  တစ်ယောက် မှင်သက်မိသွားသည်။  သြော်.....မမနှင်း...လာလေ..မိုး...မိတ်ဆက်ပေးမယ်..။
”ဟဲ့ ....လွမ်းဝေ.....”သြော်....အင်း.......။လွမ်းဝေ ငေးနေခိုက် ခေါ်လိုက်သောကြောင့် အငိုက်မိသွားသည်။
သို့ အတွက်  ရှက်လည်းရှက်သွား၏။ ..ဟဲ့ ....ဒါ ..မမနှင်း..တဲ့   ငါ့အလုပ်ရှင်၏ တစ်ဦးတည်းသော သမီး လေ..။နာမည်အပြည့်စုံက  မနှင်းသဇင်..လို့ ခေါ်တယ်လေ။ ..ဟုတ်ကဲ့ ...မမနှင်း...တွေ့ ရတာဝမ်းသာပါတယ် ..ကျနော့်နာမည် မောင်လွမ်းဝေ.ပါ..။လွမ်းဝေ တစ်ယောက် အခုမှမြင်ဖူးတဲ့   မနှင်းသဇင်ကို ရင်းရင်းနှီးနှီး  မမနှင်း..လို့  နုတ်ဆက်လိုက်သည်.။ထို့ နောက်  အတော်အတန်  စကားပြောပြီး လွမ်းဝေနှင့် မမနှင်းတို့   ရင်းနှီးသွားကြသည်။ထို့ နောက်  လွမ်းဝေ နုတ်ဆက်ပြီး အိမ်ကိုပြန်လာခဲ့ ၏။  လူလေး....မင်း ဘယ်ကိုသွားနေတာလဲ....။  'ဘကြီးမြ...ကျနော်..မမိုး..မြို့ကပြန်လာတယ်ဆို လို့  ရွာထဲကို သွားရင်း..ဝင်နုတ်ဆက်နေလို့ ကြာနေတာပါ....။ သြော်....အေးကွယ့်...အေးကွယ့်...။မမိုးက အလည်ပြန်လာတာတဲ့ ..ဘကြီးမြ..ရဲ့ ။ဧည့်သည်တစ်ယောက်လည်း ပါလာတယ်လေ..မမိုး..အလုပ်ရှင်ရဲ့ တစ်ဦးတည်းသောသမီး မမနှင်း..လို့  လွမ်းဝေ..ပြောပြလိုက်သည်..။ထို့  နောက်..ဘကြီးမြ....ထမင်းစားတော့မလား..အေးကွယ့်..စားကြတာပေါ့.ဟုစကားပြန်ရသောကြောင့်
                                                                 ၂
          မိုးလေကင်းစင် ကြည်လင်အေးမြတဲ့  ညနေခင်းမှာ လွမ်းဝေတစ်ယောက် ရွာထိပ်ရဲ့ ဗေဒါချောင်းလေးဆီကို လမ်းလျှောက်ထွက်လာခဲ့သည်။ ထွက်လာရင်းနဲ့  မမိုး တို့ အိမ်နားအရောက် တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။     တွေ့လိုက်ပါပြီ  ငွေလမင်း....ကျနော့်ငွေလမင်း  ..။“ မောင်လွမ်းဝေ..ဘယ်ကိုသွားမလို့ လဲ“
"မမနှင်း ..ကျနော် ရွာထိပ် ဗေဒါချောင်းဆီကို လမ်းလျှောက်သွားမလို့ ပါ  ။ ဒါဆို အတော်ပဲ မမနှင်းလည်း
လိုက်မယ်လေ..။“  ဟုတ်..လိုက်ခဲ့ လေ..။နေဦး ...မမနှင်း.. ညီမလေးမိုးကို ပြောခဲ့လိုက်ဦးမယ်..။
“ ညီမမိုး...မမနှင်း..မောင်လွမ်းဝေနဲ့  ဗေဒါချောင်းဆီကို လမ်းလျှောက်လိုက်သွားဦးမယ်။ “  ဟုတ်..မမနှင်း...လိုက်သွားလေ...။  “ဟဲ့..လွမ်းဝေ..မမနှင်းကို သေချာဂရုစိုက်နော်“  ။မမိုးသည် မျက်နှာ မချိုမချဉ်လုပ်ကာ ပြောလိုက်သည်။ မောင်လွမ်းဝေနှင့် မမနှင်းတို စကားပြောရင်း လျှောက်လာလိုက်တာ။
“ ဟယ်...မောင်လွမ်းဝေ ဗေဒါပင်လေးတွေက ပန်းနီနီလေးတွေနဲ့ ရောထွေးနေတော့ တစ်မျိုးကြည့်လို့ လှတယ် ချစ်စရာလေးနော်“။
  ပန်းနီလာ ...
ဗေဒါဆင်သလို့ ..
ယဉ်လှတယ်လေး....။
စုတ်ချည်ဆန်ချည်နဲ့ ..
ဒီချောင်းရေ ဗေဒါလမ်းမှာ..
မမနှင်း ကြားဖူးပါတယ်  မဟုတ်လား  ဗေဒါလမ်းကဗျာတွေ ဆရာဇောဂျီ ရေးထားခဲ့တာလေ။ “ ကြားဖူးတာပေါ့...မောင်လွမ်းဝေရယ်...။  ဒါနဲ့...မောင်လွမ်းဝေ ကဗျာဝါသနာပါတယ်ပေါ့...။...ဟုတ်...မမနှင်း...ကျနော် ဝါသနာပါတယ် ရေးလည်း...ရေးပါတယ်။...ဟယ်...တယ်ဟုတ်ပါ့လား..။ဒါဆို   မောင်လွမ်းဝေ ရေးထားတဲ့ ကဗျာလေး မမနှင်းကို ဆိုပြပါလား။...ဟုတ်...သေချာလေးနားထောင်နော်...။
သည်ဆောင်းဟေမာန်...
မြောက်ပြန်လေညှင်း...
ဝှေ့ကာနင်းတော့...
သည်နှင်းသဇင်...ပွင့်တယ်ကို...။ 
   ထို့နောက် မောင်လွမ်းဝေ ဆက်မဆိုပဲ ရပ်ထားလိုက်သည်။ ရှေ့ဆက်ဆိုလေ။...မဆိုပါရစေနဲ့...မမနှင်း...ရယ်။...ဘာဖြစ်လို့ လဲ...ဆိုရင် မမနှင်း  စိတ်ဆိုးမှာပေါ့....။...ဘာဆိုင်လို့ လဲ....ဆိုင်ပါပကော...မမနှင်း...ရယ် ။ ...ကဲပါ...မမနှင်း  စိတ်မဆိုးပါဘူး...။ သေချာတယ်နော်...။အင်း..ပါဆို...။
  သဇင်ပွင့်တိုင်း
ရင်မှာလှိုင်းခတ်
ချိန်တိုင်းတလျှက်
မှန်းဆတွေးလို့ ..လွမ်းတယ်ကို ....တဲ့။
ဟယ်...မောင်လွမ်းဝေ က လွမ်းတတ်တယ်ပေါ့..။ ချစ်တတ်ရင်...လွမ်းတတ်ပါတယ် ...မမနှင်း..။
 ချစ်ရင်....လွမ်းတယ်..ဟုတ်လား..။ ဟုတ်ပါတယ်...မမနှင်း...။ ဒါဆို ...ဘယ်သူ့ကိုလွမ်းတာလဲ ...
ကျနော့်ငွေလမင်းကို လွမ်းတာပေါ့....မမနှင်း....ရယ်။  မောင်လွမ်းဝေ ရဲ့ ငွေလမင်း.....ဟုတ်လား ။
ဟုတ်တယ်.....ကျနော့်ငွေလမင်း.....။ မောင်လွမ်းဝေရဲ့ ...ငွေလမင်းက  ဘယ်သူတဲ့လဲ...။
မမနှင်း.....ပေါ့ ။ ပြီးတော့ မောင်လွမ်းဝေ မမနှင်းကို  သေချာလေး စိုက်ကြည့်လိုက်သည်..မမနှင်း မျက်နှာ
မှာ ရှက်သွေးဖြာနေသည် ။ သွား..........လူဆိုး........ဟုပြောပြီး မမနှင်းတစ်ယောက်ပြေးထွက်သွားတော့သည် ။
ငွေလမင်း ဟူသည်ကို လူကမပိုင်နိုင်ပါ....။ မပိုင်နိုင်ပေမင့်  ချစ်ရသည်....။ သြော်........ငွေလမင်းကိုမှ
ချစ်ရလေသည်....။
                                                         ၃
             ဆောင်းအကုန် နွေအကူး လေရူးသည် သစ်ရွက်ကလေးတွေနှင့် ပျော်မြူးရင်း ဆော့ကစားနေကြ
သည်။ ဥသြသည် နွေကို အဖော်ပြုရင်း ကျူးရင့်နေသည်။ ကောင်းကင်မှာ နေညိုချိန် တိမ်တောက်နေ၏။
ဖြူနုသွယ်လျသော လက်ချောင်းကလေးများသည် စန္ဒယားပေါ်တွင် လူးကာလွန့် ကာ ခေါက်တုန့် 
ခေါက်ပြန် လုပ်ရှားနေသည်။လုပ်ရှားရင်း သာယာညှင်းဖွဲ့ သော အသံနှင့် သီဆိုနေသည်။
မမနှင်းလည်း မြို့ ကိုပြန်ရောက်ပြီးနောက် စန္ဒယားရှေ့ တွင် အချိန်ဖြုန်းနေတော့၏။  ရွာတွင်နေခဲ့သည်နှင့်
အမျှ မောင်လွမ်းဝေနှင့် အတူရှိနေသည့် အချိန်တွေကို သတိရနေ၏။ သတိရမိတိုင်းလည်း မိမိကိုယ်ကို
မကျေနပ်ဖြစ်နေသည်။ နောင်တလည်း ရနေ၏။ မောင်လွမ်းဝေ ချစ်စကားဆိုတုန်းက ရွှေလင်ဗန်းနှင့်
အချင်းဆေးပြီး  မွှေးလာသူ သူဋ္ဌေသမီးပီပီ ခါးသီးစွားပြောခဲ့မိသည်။ အခုတော့ မမနှင်း မောင်လွမ်းဝေကို
လွမ်းနေပြီလော ။ ချစ်ရင်...လွမ်းရတယ်.....တဲ့  ......ဗေဒါချောင်း တံတားပေါ်မှာ မောင်လွမ်းဝေ ပြောခဲ့
သည်ကို သတိရနေသည်။
              ရွာဦးစေတီ ရင်ပြင်ပေါ်တွင် လူတစ်ယောက် တယောထိုးရင် သီချင်းသီဆိုနေသည်။
ထိုသူကား...............
တကယ်......မေတ္တာစစ်နဲ့  .....ချစ်ရက်သားနဲ့ ......ငြင်းပယ်တော်....မူအားတယ်...........
အဟုတ်.........မေတ္တာစစ်နဲ့ ......ချစ်ရက်သားနဲ့ ...ပြစ်ပယ်တော်.....မူအားတယ်............
အထင်တော်........လွဲလို့ ရယ်.....ချစ်တဲ့သူမယ်.....ခွဲနိုင်ရှာရက်တယ်............
မောင့်အပေါ်ဝယ် .......ဂုဏ်ရည်မတူလို့ လား..........ရွှေစပယ်ဖြူ.......ပန်ချင်သူကများ..........
မသနားဘဲ ရက်စက်တယ်..........
ဂုဏ်ရှိုန်မြင့်တဲ့ သူရယ်......ချစ်စေကြောင်းနဲ့......တောင်းပန်ချင်ပါတယ်......တကယ်ပင်မုန်းတော့ရင်
ကွယ်....ဘဝတုန်းအောင်.....အဆုံးစီရင်နိုင်တယ်........ဖြေသော်မပြေတယ်....အစွဲကြီးစွဲမိတယ်........
မောင့်အပေါ်ဝယ် ........ဘယ်လိုသဘောနဲ့ .....ကွယ်.....ချစ်မိသူမှာ .......ခင်ရယ်......
လွှမ်းပိုအောင်.........စီမံလေတော့တယ်......အသက်မက..တစ်ဖက်သတ်နဲ့ .....ချစ်မိခဲ့တယ်.....
ဘယ်သောအခါများ......နီးရပါမယ်.......၈ုဏ်မြင့်သူရမယ်.........အလို.......မျှော်မှန်း.........
လွမ်းပါပေါ့ကွယ်......သြော်.........ချစ်ပါရစေ.....အသနားခံသော်လည်း......ငြင်းပယ်တယ်.
ဂုဏ်မြင့်သူကကွယ်.........ဂရုဏာတရားရယ်........မောင့်အပေါ်ကင်းတးယ်......
သင်းပျံ့ စပယ်ရနံ့...အဆင်းအလှ.....ကြွယ်သမျှ......ဂုဏ်ငယ်သူကို.....မုန်းတော်မူအားတယ်......
မောင်လွမ်းဝေ တယောထိုးကာ ဆွေးမြှေ့စွာ သီချင်းဆိုနေမိသည်။
သြော်.......သူတစ်ယောက်ကို  ချစ်မိရင် ..သူတစ်ယောက်မှာ ပူရသည်။  ထိုအပူသည်  ဘယ်အပူနှင့်မှ
မတူ ။ပိုလို့ ပင် ပူသည်။ ရင်ထဲမှာ ဖွဲမီးလို့  လှိုက်လှိုက်ပြီး ပူသည်။ ကိုယ်ချစ်သောသူနှင့် ကွေကွင်းရခြင်း
မှာ  ဆင်ရဲခြင်းအကြောင်း မကောင်းပါလား......ဆိုတာ မောင်လွမ်းဝေ သိလိုက်သည်။
သိလိုက်သည်အလျှောက် သုံးခွင်ပရမေ မြတ်စိန္တေထံမှာ ဆုပန်ခြွေမိ၏။
                                  အုံတငွေ့ငွေ့
                                  ပူလေ့ကိုယ့်မှာ
                                  ချစ်လို့ ကြင်နာ
                                 နေချင်ပါလည်း
                                 ဖန်လာဝိပါက်
                                 ကြမ္မာချက်ကြောင့်
                                 ချစ်လျှက်ဝေးကွာ
                                 ဝေဒနာကို
                                 မြတ်စွာဘုရား
                                 ဟောခါကြားသော
                                 တရားနဲ့လည်း
                                 ဖြေလည်းမပြေ
                                 သည်ခက်ဗွေကြောင့်
                                 ငါလေဖြစ်ရ၊
                                 သည်လောကမှာ၊
                                 တဏှာ့ဒါသ   ၊
                                 ဖြစ်ရခါခါ၊
                                 များလှစွာသား၊
                                 သို့ ဖြစ်ပါ၍
                                 နောင်လာဘဝ၊
                                 ဖြစ်သမျှနှိုက်၊
                                 ဗုဒ္ဓမြတ်စွာ၊
                                 သာသနာ၏၊
                                 ဒါသကျေးကျွန်၊
                                 မြတ်ဆုမွန်ကို၊
                                 ပန်ချွေသမှု ပြုပါ၏............။
    .
                                                                ပြီးပါပြီ
                                                                            သာကီမင်းသားလေး