* ဘုတ်မက အီ ၊ ဒီရေကျ တေး ။
မဗေဒါ မယ့်ဒုံရင်း ၊ ဆင်းချိန်မို့လေး ။
* ဆင်းမယ်လာ့ မဗေဒါ ...တဲ့ ။
ကျူရိုးရှင် ပီပီကလေး ၊ တေးသံက သာ ။
ရေထဦး ဆီက
အဖူးနဲ့ အငုံဟာ ၊ ပွင့်ပါပေါ့ ခုများ ။
ပွင့်ပြာမှာ ၀ါလဲ့ဝင်းမှ ၊ ဆင်းရမယ်လား ။
* အိုအချင်း ကျူရိုးရှင်။
စုန်ချည် ဆန်ချည်းနဲ့
တစ်ပြန်စီ ဒီတရား ၊ ကြားပါစ ရှင် ။
တက်ချိန်ကျ တက်ခဲ့လျှင် ၊ ဆင်းချိန်တွင် မနှေး ။
ဒီချောင်းနေ ဗေဒါမျိုးမှာ ၊ ရိုးလှပြီလေး ။
* အိုးအချင်း ကျူရိုးရှင်။
ပွင့်ပြာမှာ ၀ါလဲ့ဝင်း ၊ ဆင်းပြလိုက်ချင် ။
အပွင့်ကားရယ်နဲ့
ချောင်းဖျားမှာ လှရွှေစင် ၊ ချောင်းရေယဉ် လှပုလဲ ။
ချောင်းဝမှာ မြတစ်ခဲ ၊ လှလိုက်မှာပဲ ။ ။
* * * * *
( ၁၉၆၀ )
Showing posts with label ဆရာဇော်ဂျီ ဗေဒါလမ်းကဗျာများ. Show all posts
Showing posts with label ဆရာဇော်ဂျီ ဗေဒါလမ်းကဗျာများ. Show all posts
Tuesday, 12 February 2013
Monday, 11 February 2013
ဗေဒါလမ်း ( ၂၀ ) တင်းရပုံပဲ
* ဖူးတံက ညိုတိုတို ။
စုန်ရေ ဆန်ရေနဲ့
ဗေဒါဆွေ ရေအလှ ၊ ချောင်းမ တစ်ခို ။
ရေငန်နဲ့ရေချို ၊ ဥဒဟို မစဲ ။
နေ့မရှောင် ညမအား ၊ နားရရှာပဲ ။
* နားချင်လို့ ခါတစ်ရံ ။
မဗေဒါ ရွာသူ့ပန်းပေမို့၊ ကမ်းကပ်မဲ့ ကြံ ။
အစုန်မှာ ကပ်ရပြန် ၊ အဆန်မှာ ခွာရမြဲ ။
အဆန်မှာ ကပ်လျှင်လဲ (လည်း ) ၊ စုန်ဆင်းတော့ ခွဲ ။
* ကပ်ပြန်ရ ၀မ်းမသာ ၊ ခွာပြန်ရ ၀မ်းမနဲ (နည်း ) ။
မဗေဒါ စုန်ဆန်ရင်း ၊ တင်းရပုံပဲ ။
* * * * *
(၁၉၅၉-၁၉၆၀)

ဗေဒါလမ်း (၁၉) ချောင်းတစ်ခွင်
* ပွင့်ဖူးတံ ချီ ၊ ဗေဒါရီ တစ်မိ ။
ချောင်းတစ်ခွင် သူဆန်သွား ၊ ချောင်းဖျားအထိ ။
* တစ်ရွာကိုကျော် ၊ တစ်ခေါ်လောက် စခန်း ။
မဗေဒါ ဆန်တဲ့ချောင်း ၊ ကျောင်းနဲ့ နတ်လမ်း ။
* နတ်လမ်းကို ကျော် ၊ တစ်ခေါ်လောက် စခန်း ။
မဗေဒါ ယာဘက်ဘေး ၊ တဲလေး အိမ်တန်း ။
* လေးအိမ်ကို ကျော် ၊ တစ်ခေါ်လောက် စခန်း ။
မဗေဒါ မယ့်လက်ဝဲ ၊ ကျွဲစားကျက်တန်း ။
* စားကျက်ကို ကျော် ၊ တစ်ခေါ်လောက် စခန်း ။
မဗေဒါ ၀ဲယာလိုက် ၊ တော ဗျိုက်ဖြူတန်း ။
* ဗျိုက်တောကို ကျော် ၊ တစ်ခေါ်လောက် စခန်း ။
မဗေဒါ ပတ်ချာဝိုင်း ၊ ကိုင်းမြက်ရှည်တန်း ။
* ရောက်ပြန်လျှင် ပျော် ၊ ကျော်ပြန်တော့ သူလွမ်း ။
ရောက်တိုင်း တပျော်ပျော်နဲ့
ကျော်တိုင်းသာ သူ့မှာလွမ်း ၊ ချောင်း ဗေဒါလမ်း ။
* * * *
(၁၉၅၉- ၁၉၆၀ )

Friday, 25 January 2013
ဗေဒါလမ်း (၁၈ ) ပွင့်ဖူးတံချီ
*အပြာမှာ အဝါကွက်ကယ်နဲ့ ၊ ဝိုင်းစက်စက် ရွက်ငယ်ရှင်
မဗေဒါ ပင်လယ်အောက်က ၊ ချောင်းပေါက်ကို ဝင် ။
ချောင်းတစ်လျှောက် မယ့်လမ်းစဉ် ၊ ယဉ်ပေစွတကား ။
ဗေဒါဆွေ ဒီရေထဲမှာ ရဲပေစွတကား ။
* ရေဆိပ်မှာတဲ့ ညံစီစီ ။
ပျိုလေးတွေ လက်တစ်ကမ်း ၊ ပန်း ဆန်ခဲ့ပြီ ။
လှမ်းကြပေါ့ မီ့တမီ ၊ ကံသီလို့ တကတဲ ။
ဗေဒါပျံ ကံကကြီး ၊ ရေစီးကြောင့် လွဲ ။
* ခရုပတ် ဝဲငယ်ငယ်
ဗေဒါဆွေ ဒီရေကွေ့မှာ ၊ ပြေးတွေ့ရတယ် ။
မဖြစ်လို့ နှစ်တွယ်တွယ် ၊ ဝဲလယ်က အနွဲ့။
မဗေဒါ ပတ်ချာလှည့် ၊ လွှဲထွက်နိုင်ခဲ့ ။
* လောင်းစပ်က ခတ်တက်ပြင် ။
ရေဆန်မှာ စုန်မဆိုင်း ၊ လှိုက်ယက်ပန်း ဆင် ။
လှေဦးက ဘီလူးဝင် ၊ လျင်နိုင်မှ လွတ်မြဲ
ဗေဒါပျံ လှေနံယိမ်း ၊ တိမ်းခဲ့သည်ပဲ ။
* ချောင်းဖျားက ငါး ငါးဖျံ ။
လတာရောင် အကောင်သေး ၊ မှေးလိုက်ခဲ့ပြန် ။
ဗေဒါက ဖောင်သဏ္ဍာန် ၊ ငါးဖျံက ဖောင်စီး ။
ပြာဝါရောင် ဘယ်မညိုး ၊ ပိုးခဲ့ မညည်း ။
ပွင့်ဖူးတံ တချီချီနဲ့
ဗေဒါရီ ဒီရေကြောမှာ ၊ မျောတတ်လေခြင်း ။

ဗေဒါလမ်း (၁၇) ဗေဒါနှင့်ကျူပင်
* မဗေဒါ ၊ ဆန်လာပေါ့ အပြင်း ။
ချောင်းကျယ်ကျယ် အလယ်ကျွန်း ၊ ရေမွန်းလိုက်ရင်း ။
* ဗေဒါဆွေ ၊ စုန်ရေနှင့် ပြန်ဆင်း ။
ချောင်းကျယ်ကျယ် အလယ်ကျွန်း ၊ သောင်ထွန်းလိုက်ရင်း ။
* မဗေဒါ ၊ ဆန်လာပေါ့ အတင်း ။
နုန်းနှစ် လတာပြင်က
ညောင်ညိုပင် မြစ်ပါးပျဉ်း ၊ ပုန်းရပြန်ရင်း .။
* ဗေဒါဆွေ ၊ စုန်ရေနဲ့ ပြန်ဆင်း ။
နုန်းနှစ် လတာပြင်က
ညောင်ညိုပင် မြစ်ပါးပျဉ်း ၊ ခေါင်းဖော်လိုက်ရင်း ။
* ကျူပင်ရိုးမှာတော့ ၊ ယိမ်းထိုးရ တခါခါ ။
မဗေဒါ စုန်ဆန်မျော ၊ မောတဲ့နေရာ ။
လွှဲလိုက်ရ ဘယ်နဲ့ညာ ၊ ရိုးတံညှာ ရွက်စိမ်း ။
ယိုင့်တယိုင် ဒီရေစီးကို ၊ သည်းခံလို့ယိမ်း ။
* * * * *
(၁၉၅၉- ၁၉၆၀)

Monday, 24 December 2012
ဗေဒါလမ်း(၁၆)ချောင်းလှဖို့ ကို
* ဒီချောင်းမှာ သာ ၊ ကြာပါပေါ့လား ။
မဗေဒါ ပြာနွဲ့နှောင်းငဲ့
ချောင်းတန်တန် ရေငန်ရပ်မှာ ၊ စွဲတတ်နိုင်အား ။
* သူ့ စိတ်နဲ့ သူ့ ကိုယ် ။
ချောင်းတစ်ခွင် မြင်သမျှ ၊ ချောင်းလှဖို့ ကို ။
ဘုတ်မက ချိုချင်ချို ၊ ဗျိုင်းညိုက အောက်ချင်အောက် ။
ချေင်း ကောက်ချင်ကော ။
* သူ့ လမ်းနဲ့ သူ့ အမြင် ။
ချောင်းဒီရေ နေသမျှ ၊ ချောင်းလှဖို့ ပင် ။
ချောင်းဖျားက ထက်တစ်ခွင် ၊ ပင်လယ်အောက်တစ်လွှား
စုန်ချည် ဆန်ချည်နဲ့
တစ်လှည့်စီ ဒီသဘော ၊ မျောကြမနား ။
* ဒီချောင်းမှာ သာ ၊ ကြာချင်လှလေး ။
ကျူရိုးမောင် ရွှေသျှောင်စောင်းငဲ့
ချောင်းတန်တန် ရေငန်ထဲ ၊ စွဲချင်လှ လေး ။
* * * * *
(၁၉၅၉-၁၉၆၀ )

Friday, 14 December 2012
ဗေဒါလမ်း (၁၅ ) သူ့ လမ်းစဉ်
* ကမ်းစပ်ကို မင်
လမုပင် အခြေကြီးနဲ့၊ အသီးတွေ ဖြိုး ။
ကမ်းခြေကို ဒီရေတိုး ၊ ပြိုလဲမှာ စိုး ။
* ကမ်းစပ်ကို မင်
ဓနိပင် ယိုင်ငိုက်လို့  ၊ ခိုင်လိုက်ကယ် ဖြိုး ။
ဓနိခိုင် အလက်ထဲက ၊ ခွဲရမှာ စိုး ။
* ကမ်းစပ်ကို မင်
လတာပြင် ငါးဖျံလူးလို့ ၊ ပျော်မြူးကြ ရိုး ။
ဒီတက်လျှင် လတာနုန်း ၊ ဒီဖုန်းမှာ စိုး ။
* စိုးပါဘု သူ့ မူရာ ။
ချောင်းတစ်ခွင် ပင်လယ်ဝက ၊ ပန်းလှ ဗေဒါ ။
ဆန်တက်ချိန်မှာ ၊ ဆန်လာနိုင်ပါဘိ ။
စုန်ဆင်းချိန်မှာ ၊ စုန်လာနိုင်ပါဘိ ။
သူ့လမ်းစဉ် သူမြင်ရဲ ၊ သူစွဲတတ်ဘိ ။

ဗေဒါလမ်း (၁၄ ) ချောင်းရဲ့အလှ
* ကျူရိုးရှင် မနေတတ်လို့  ၊ ရေစပ်ကိုတဲ့ ဆင်းလို့ လာ
မဗေဒါ စုန်ဆန်မျော ၊ မောတဲ့နေရာ ။
ကျူရိုးရှင့် ဝါသနာ ၊ ကဗျာနွဲ့ ချိုတေး ။
ဆန်မကုန် စုန်မခန်းမှာ ၊ ပန်းရှာလိမ့်လေး.......တဲ့ ။
* အိုအချင်း မင်းပီပီ
ရေပြည့်မှာ ဗေဒါပန်း ၊ ကမ်းနဲ့အညီ ။
ဆန်လိုက်ကြ စီရရီ ၊ တချီတချီ တကြွကြွ ။
တက်ရေမှာ မြင်နေကျ ၊ ချောင်းရဲ့အလှ ။
* အိုအချင်း ပီပီငယ်
ရေကျမှာ ဗေဒါပန်း ၊ ကမ်းစပ်ကိုဖယ် ။
ဝဲယာမှာ လတာကျယ် ၊ အလယ်မှာ ဗေဒါမ
သက်ရေမှာ မြင်နေကျ ၊ ချောင်းရဲ့အလှ ။
* တက်ရေနဲ့ သက်ရေနယ်
ဆန်မကုန် စုန်မဆုံး ၊ လုံးပတ်ချာလည် ။
ဗေဒါမ ခရီးသည် ၊ ပန်းရှာမယ် ဆိုရလဲ ။
ဒီချောင်းမှာ အလှဖွား ၊ ပွား ခဲ့ပြီပဲ ။

Tuesday, 11 December 2012
ဗေဒါလမ်း (၁၃ ) ဆိုင်ခင်းလျက်ပဲ
* အညာလှေ
အညာမြေ ကုန်ရောင်းဖို့ ၊ ဒီ ချောင်းမှာနား ။
ထန်းလျက်ခဲရယ်နဲ့
ပဲမျိုးစုံ ကြုံလေခိုက် ၊ ဝယ်လိုက်ပါလား........တဲ့ ။
* တံငါလှေ
တံငါမြေ ကုန်ရောင်းဖို့ ၊ ဒီ ချောင်းမှာနား ။
ပုစွန်ကျားရယ်နဲ့
ငါးမျိုးစုံ ကြုံလေခိုက် ၊ ဝယ်လိုက်ပါလား..........တဲ့ ။
* ကမ်းစပ်မှာမြှောင်
အိုးဖောင် ကုန်ရောင်းဖို့ ၊ ဒီ ချောင်းမှာနား ။
ရာဝင်အိုးရယ်နဲ့
အိုးမျိုးစုံ ကြုံလေခိုက် ၊ ဝယ်လိုက်ပါလား........တဲ့ ။
* ကမ်းစပ်မှာ မြှောင်
ဝါးဖောင် ကုန်ရောင်းဖို့ ၊ ဒီ ချောင်းမှာနား ။
ခရင်ဝါး ( ကရင်ဝါး ) ရယ်နဲ့
ဝါးမျိုးစုံ ကြုံလေခိုက် ၊ ဝယ်လိုက်ပါလား........တဲ့ ။
* ဒီလမ်းက ပန်းဗေဒါ
ဆန်ရေ စုန်ရေနဲ့
ထုံပေပေ သူမနား ၊ သွားရ ခါခါ ။
ပါပါစ ရောင်းစရာ ၊ ပါရှာဘု သူတို့ နဲ ။
အပြာမှာ အဝါကွက်ကယ်နဲ့
အတက်မှာ သူရွှင်ပျပေမဲ့ ၊
ကျလည်းလေ သူမငြင်းရှာဘု
ဒီ ချောင်းရေ ကောက်ကစင်းမှာ
ဆိုင်ခင်းလျက် ပဲ ။
* * * * *
( ၁၉၅၉- ၁၉၆၀ )

ဗေဒါလမ်း ( ၁၂ ) စိုင်းဦးမှာလား
* ပင်လယ်ဝဆီက ၊ ဒီ တက်စ လှိုင်းဘောင်ဘင် ။
မဗေဒါ တစ်ဟုန်ထိုး ၊ ချောင်းရိုးကိုဝင် ။
မိုးမမြင် လေမမြင် ၊ ပန်းဆန်ချင် လေတိုင်း ။
ရေထဦး ပေမို့
စိတ်ကူးယဉ် ယဉ်လေတိုင်း ၊ ပန်းထင်ရာ စိုင်း ။
* အထက်ချောင်းကျတော့ ၊ ဒီ ညောင်းစ ချောင်းရေသာ ။
မဗေဒါ ကိုယ်ရှိန်သတ် ၊ လှမ်း တတ်နိုင်ပါ ။
စိုင်းခဲ့တဲ့ ခရီးတာမှာ ၊ သာနာစုံ ပုံခဲ့။
ရေသင်ဖြူးပေမို့ 
ပွင့်ဖူးစုံ ငုံတံနဲ့ ၊ ပန်းမူရာ နွဲ့။
* ပန်းအလှ မဗေဒါ.........တဲ့။
ကျူရိုးရှင် ပီပီကလေး ၊ တေးသံက သာ ။
ပင်လယ်ဝ ဆီက
ဒီရေကျ ခွန်းစ လာ ၊ လွမ်းစရာ ပါတကား ။
မိုးမမြင် လေမမြင်နဲ့
ထီမထင် စုန်ချင်တိုင်း ၊ စိုင်းဦးမှာလား ။
* * * * *
(၁၉၆၀)

Sunday, 9 December 2012
ဗေဒါလမ်း (၁၁ ) တွေးမိပါစ
* ဗေဒါတဲ့ ဗေဒါ ။
ဒီချောင်းမှာ အမည်မွှေး ၊ အေးငြိမ့်သာယာ ။
မွှေးသမျှ ပြန်တစ်ရာ ၊ ခံစရာ အရေး ။
အတိုက်ခံနိုင်မှ ၊ အမွှေ့ခံနိုင်မှ
ထိုးဝါးကိုင် ဒီ ဆိုင်ဝဲ တဲ့
ရွှေဘဲရန် စုန်ဆန်လမ်းမှာ
ရမ်းတတ်တယ် လေး ။
* မွှေးမှလည်း မဟုတ်ပါ ။
ရိုးသံရှင် ပဲ့(ပံ့)တင်ထပ် ၊ ချောင်းရပ် ဧရာ ။
စုန်ဆန်ရ လမ်းတကာမှာ ၊ လမ်းမသာ ရှာကြ ။
တစိုက်စိုက်ကယ်နဲ့
အတိုက်ကို အကြိုတွေ့ပါလို့ 
အမွှေ့ဒဏ် ခံနေကျ ၊ တွေးမိပါစ ။

ဗေဒါလမ်း (၁၀ )ပန်းပန်လျက်ပဲ
* ညိုပြာပြာ ၊ လတာပြင့်ခြေရင်း ။
လှိုင်းတက်ရာ ဗေဒါတက် ၊ လှိုင်းသက်ရာ ဆင်း ။
* ဆင်းရလည်း မသက်သာ ။
အုန်းလက်ကြွေ ရောပေါလော ၊ မျောစုန်လို့ လာ ။
အဆင်းနဲ့အလာ ၊ ဗေဒါမ အထွေး ။
အုန်းလက်ကြွေ သူ့နံဘေး ၊ ဆောင့်ခဲ့ရသေး ။
* ဆောင့်ရလည်း မသက်သာ ။
နောက်တစ်ချီ ဒီ တစ်လုံးက ၊ ဖုံးလိုက်ပြန်ပါ ။
မြုပ်လေပေါ့ ပေါ်မလာ ၊ မဗေဒါအလှ ။
တစ်လံကွာ လှိုင်းအကြွ ၊ ပေါ်လိုက်ပြန်ရ ။
* ပေါ်ပြန်လည်း မသက်သာ ။
ချောင်းအဆွယ် မြောင်းငယ်ထဲက ၊ ဘဲ ထွက်လို့ လာ ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ ဗေဒါက တစ်ပင်ထဲ (တည်း ) ။
အယက်အကန် ခံလို့
ဗေဒါပြန် အံကိုခဲ ၊ ပန်းပန်လျက်ပဲ ။
* * * -* *

Saturday, 8 December 2012
ဗေဒါလမ်း( ၉ ) စုန်ဆန်ရ တရား
* ပန်းပါဘိ ဗေဒါဆွေ ။
ကျူရိုးရှင် ပီပီကလေး ၊ တေးသံက ဝေ ။
စုန်ဆန်ရ တပေပေ ၊ ဒီရေနယ် တစ်ကျေး ။
ဒီချောင်းရေ ဗေဒါလမ်း ၊ ပန်းဖွယ်တဲ့လေး ။
* အိုအချင်း ကျူရိုးရှင် ။
နေသာမှာ ရွာရဟန်း ၊ ဆွမ်းခံကြွ ဝင် ။
ထန်းတစ်ဖျား နေကိုမြင် ၊ ရွာပြင်က တံတား ။
ဆွမ်းခံပြန် ရွာကိုရှား ၊ နေ့ တိုင်းပါလား ။
* အိုးအချင်း ကျူရိုးရှင်
ဟင်းရွက်စုံ နှစ်ပုံထပ် ၊ လောင်းစပ်မှာတင်
ဈေးသမား မယားလင် ၊ တစ်ရွာဝင် တစ်ရွာသွား ။
အိမ်အပြန် ပုစွန်ငါး ၊ နေ့ တိုင်းပါလား ။
* ဒီ တက်တော့ သူထက်သန် ၊
ဒီ ကျလျှင် သူရွှင်လန်း ၊ တန်းစီလို့ ပြန် ။
အလဲလဲ အဖန်ဖန် ၊ စုန်ဆန်ရ တရား ။
ဗေဒါဆွေ ဒီရေသွား ၊ မြင်ထားလို့ လား ။
* * * * *
( ၁၉၅၇- ၁၉၅၉ )

Thursday, 6 December 2012
ဗေဒါလမ်း(၈) မျောလျက်သာပဲ
* လေပြင်းငယ် ပွေ ၊ လေပြည်လျှင် လဲ ။
ချောင်းကျယ် ဘယ်မငြင်း ၊ ချောင်းကျဉ်းလျှင် လဲ ။
* နေပူတုန်း ခါ၊ မိုးရွာလျှင် လဲ ။
လသာသာ ပျိုအိုကျြိုက် ၊ လမိုက်လျှင် လဲ ။
* အဖော်ငယ် စုံ ၊ ဖော်မစုံလျှင် လဲ ။
ပွင့်ဖူးငုံ အကုန်လန်း ၊ နွမ်းနယ်လျက် လဲ ။
* စုန်ပြန်ရ အဖန်ဖန် ၊ ဆန်ပြန်ရ တလဲလဲ ။
မဗေဒါ ဒီရေကြောမှာ ၊ မျောလျက်သာပဲ ။
* * * * *
(၁၉၅၇- ၁၉၅၉)

Wednesday, 5 December 2012
`ဗေဒါလမ်း(၇) တေးစုံနဲ့ပဲ
* တီတာတာ
ကညာ မေဘုတ်က ၊ ရွှေနှုတ်ချို သွေး။
ကျူရိုးရှင် ပီပီနွဲ့၊ လွမ်းမယ်ဘွဲ့ တေး။
* ပဒေသာ
ထေရ်ဝါ ရည်စူးလို့ ၊ လှေဦးမှာ လေး ။
ကျူရိုးရှင် ပီပီနှော ၊ စည်ဗြောသံ တေး ။
* သောင်အခြေ
ခေါင်ရေ လေမြူးတော့ ၊ ရေရူးတွေ ဖွေး ။
ကျူရိုးရှင် ပီပီဟိန်း ၊ ဗိန်းဗောင်းသံ တေး ။
* အကောင်သေ
တောင်လေ ရေတက်တော့ ၊ ရေယက်နဲ့ထွေး ။
ကျူရိုးရှင် ပီပီညင်း ၊ ငိုချင်းသံ တေး ။
* တက်မကူ
ရွက်ဖြူ ပူဖောင်းနဲ့၊ လှေလောင်းကိုယ် လေး ။
ကျူရိုးရှင် ပီပီပျိုး ၊ ဘွဲ့ကြိုးသံ တေး ။
* ပြု့တပြူ
မြေငူ ဓနိကျွန်း ၊ သောက်ထွန်းပြီ လေး ။
ကျူရိုးရှင် ပီပီနော့ ၊ သားချော့သံ တေး ။
* တေးမျိုးရယ် စုံ ၊ ကုန်နိုင်ပါလေပဲ ။
မဗေဒါ စုန်ဆန်မြဲ ၊ တေးစုံနဲ့ ပဲ ။
* * * * *
(၁၉၅၇-၁၉၅၉)

`ဗေဒါလမ်း(၆)ရခဲ့သည်ပဲ
* မြစ်တမ်းမှာတဲ့ လေကြမ်းဆင်။
ထန်လိုက်လေ လေမှုန်တိုင်း ၊လှိုင်းကဘောင်ဘင်
တစ်လှိုင်းထွက် တစ်လှိုင်းဝင်၊ ဗေဒါခင် ဖြစ်နဲ။
ရေလှိုင်း ဗရပွေနဲ့
မုန်တိုင်းလေ ရေတစ်ရိုးမှာ စိုးရွံ့မှာပဲ။
* မြစ်ရိုးမှာတဲ့ မိုးသက်ဆင်။
လျှပ်ကြိုးပျံ မိုးသံထစ် ၊ မိုး စစ်ဘုရင်။
မိုးညစ်လို့  မြစ်မမြင် ၊ ဗေဒါပင် ဖြစ်နဲ။
မိုးသက်လေ ရေတစ်ရိုးမှာ စိုးရွံ့မှာပဲ။
* စိုးမရွံ့ တွန့်မတုန်။
မိုးနှင့်လေ ရေရှုပ်ထွေး ၊ ရွေးမျှ မဖြုံ။
ဆန်လိုက်ပြန်တုံ ၊ စုန်လိုက်ပြန်ရ။
ခေါက်ပေါင်းမရေနိုင်လို့ 
ဗေဒါခိုင် သည်မြစ်ထဲ ၊ ရခဲ့သည်ပါ့ ။

Tuesday, 4 December 2012
ဗေဒါလမ်း(၅) တက်ချိန်နှင့် ကျချိန်
* ဗျိုင်းညီနောင်၊ အတောင်က ဖြူဖွေး ။
ကမ်းစပ်ကို ကြဉ်
ကွင်းပြင်ကို စားကျက်ပြောင်းကြပေါ့
ချောင်းအောက်ခွင် ပင်လယ်ဝမှာ ၊ ဒီ ကြွပြီလေး ။
* ကဏန်းမ ရွှံ့စိုစို ၊ တစ်ကိုယ်လုံ့ နီတွေး ။
တွင်းဝ လတာပြင်က
ခရာပင် တွယ်ကာတက်လေပေါ့
တောင်ဘက်ခွင် ပင်လယ်စွန်းမှာ၊ ဒီ တွန်းပြီလေး။
* ပုစဉ်းကောင် ၊ အတောင်က ငွေမြှေး ။
ကမ်းစပ် ကျူတစ်ရုံက
သူမလုံ သူခုန်ထွက်လေပေါ့ ၊ ဒီ တက်ပြီလေး ။
* ဒီ တက်ချိန်တန် ၊ ဆန်လာပေါ့ ဗေဒါပန်း ။
ကျူရိုးရှင် ကျူတံတီး၊ ဆီးကြိုလို့ လွမ်း ။
*ဗျိုင်းညီနောင် ၊ အတောင်က ဖြူဖွေး။
ကမ်းစပ်မှာငိုင်
သူ့လည်တိုင် စွေတစောင်းနဲ့
ရေတံငါ အစာချောင်းပြန်ပေါ့၊ ဒီ ညောင်းပြီလေး ။
*ကဏန်းမှ ရွှံ့စိုစို ၊ တစ်ကိုယ်လုံ့ နီတွေး ။
လက်မ တထောင်ထောင်နဲ့
တွင်းပေါင်မှာ မင်းယောင်ခင်းပြန်ပေါ့ ၊ ဒီ ဆင်းပြီလေး ။
* ပုစဉ်းတောင် ၊ အတောင်က ငွေမြှေး ။
ကျူရုံမှာ သူ လှုံခပြန်ပေါ့ ၊ ဒီ ကျပြီလေး ။
* ဒီ ကျချိန်တန် ၊ စုန်ပြန်ပေါ့ ဗေဒါပန်း ။
ကျူရိုးရှင် ကျူပင်ရွက်နဲ့၊ ခွန်းဆက်လို့ လွမ်း ။

ဗေဒါလမ်း(၄) မှန်းဖို့ လိုပဲ
* မဗေဒါ ၊ ဘယ်ရွာ ဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ ၊ နေအိပ်လိုပဲ။
ဒီတက်လျှင် ပျော်
ဗေဒါမော် ရေကျော်ဆိုက်အောင် ၊ ဆန်လိုက်သည်ပဲ ။
*မဗေဒါ ၊ ဘယ်ရွာ ဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ ၊ နေအိပ်လိုပဲ။
ဒီကျလျှင် ရွှင်
ဗေဒါခင် ပင်လယ်ဆိုက်အောင်၊ စုန်လိုက်သည်ပဲ ။
* ဘုတ်မက အီ ၊ ပီပီက သံမစဲ။
မဗေဒါ စုန်ဆန်လမ်းကို ၊ မှန်းဖို့ လိုပဲ ။ ။
* * * * *
(၁၉၅၉- ၁၉၅၇ )

ဗေဒါလမ်း(၃) ဘယ်ရွာဆိပ်ကမ်း
* ချောင်းပြင်မှာ စီတန်းလို့ ၊
ဗေဒါပန်း ရေကြင်ဆွေ ၊ မျောလို့ သာ နေ။
ကမ်းကွေ့မှာ ခွေ၊ ကမ်းပြေတော့ ဆင်း
သည်ချောင်းရေ လေမခတ်တယ်
စီးတတ်လေခြင်း ။
* ကျူရိုးရှင် ပီပီမှုတ်လို့ 
ဘုတ်မကို သူကပြိုင် ၊ ချောင်းစပ်မှာထိုင်
ဘုတ်မက တိုင်၊ ကျူကိုင်က အေး ။
ရေးစီးနဲ့လာ၊ ရေသာမှာ ပြန်လို့ မြန်းတဲ့
မဗေဒါ စုန်ဆန်ပန်းကို ၊ လွမ်းတယ်တဲ့လေး ။
* စုန်ပါတဲ့ ဆန်ပါ ။
ကျူရိုးရှင် ပီပီကလေးနဲ့၊ တေးချိုလို့ သာ။
ဘယ်မြို့ က လာ ၊ ဘယ်ရွာဆိပ်ကမ်း ။
အပွင့် အပြာရောင်နဲ့
ဘယ်သောင်မှာနေချိုအေးလျှင်၊ မှေးအိပ်မယ် မှန်း ။ ။

ဗေဒါလမ်း (၂ ) မယ့်လမ်းပါတဲ့
* ဒီချောင်းမှာ ရွှင် ၊ ဗေဒါခင်ပြာလဲ့ ။
စံပယ်ကို ရမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့ ။
* ဒီချောင်းမှာ ရွှင် ၊ ဗေဒါခင်ပြာလဲ့ ။
ပျိုမယ်ကို ရမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့ ။
* ဒီချောင်းမှာ ရွှင် ၊ ဗေဒါခင်ပြာလဲ့ ။
စေတီငယ် ရမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့ ။
* လင်းယဉ်နွဲ့ တချီချီ ။
ကျူရိုးရှင် သူ့စကား၊ နားကျခဲ့ပြီ ။
ကျွတ်ဆုမြတ် စလွယ်ချည်၊ ဗေဒါရီ ပြာလဲ့ ။
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါတဲ့ ။ ။
* * * * *
(၁၉၅၇ - ၁၉၅၉ )
စံပယ်ကို ရမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့ ။
* ဒီချောင်းမှာ ရွှင် ၊ ဗေဒါခင်ပြာလဲ့ ။
ပျိုမယ်ကို ရမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့ ။
* ဒီချောင်းမှာ ရွှင် ၊ ဗေဒါခင်ပြာလဲ့ ။
စေတီငယ် ရမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့ ။
* လင်းယဉ်နွဲ့ တချီချီ ။
ကျူရိုးရှင် သူ့စကား၊ နားကျခဲ့ပြီ ။
ကျွတ်ဆုမြတ် စလွယ်ချည်၊ ဗေဒါရီ ပြာလဲ့ ။
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါတဲ့ ။ ။
* * * * *
(၁၉၅၇ - ၁၉၅၉ )
Subscribe to:
Posts (Atom)