မင်္ဂလာပါခင်ဗျာ ဒီ ဘလော့ဂ်လေးကိုလာရောက်ကြည့်ရူ့ကြသူအပေါင်းကို ကျနော် သာကီမင်းသားလေး မှ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ

Monday, 25 February 2013

. . . . . . သာ ကိုးကွယ်တော့၏


                                                အခန်း(၁)

မိတ္ထီလာကန်ဘောင်ပေါ်မှ ယူကလစ်ပင်အောက်တွင် စာတစ်စောင်နှင့်အတူ သဇင်ပန်းကိုင်ပြီး သူမတစ်ယောက်တည်း ထိုင်နေသည်။ ထိုနောက် ကန်ရေပြင်ကို ကြည့်ရင်း ငိုင်နေသည်။ အကြော်ဆိုင်မှ ရေဒီယို ဖွင့်သံ သဲ့သဲ့လေးကြားနေရသည်။
ချစ်ဒါလီ ×××တစ်နှစ်တာရှည် ကြည်ရွှင်လန်းစေဖို့ ×××သဇင်ပန်းတွေနဲ့ ×××ဆင်မြန်းပေးခဲ့ပြီသည်ရာသီခါဆောင်း×××ဟောင်းတမေ့မေ့×××တရွေ့ရွေ့တာရှည်×××
သီဆိုသူသည် သူမကိုပင် ရည်ညွှန်းနေရော့သလား ။ တိုက်ဆိုင်၍လားမသိ ။ သည်သီချင်းသံကြားရင် သူမ ငိုချင်သည် ။ မြောက်အရပ်ဆီမှ ဆောင်းလေပြေအေး တိုက်ခတ်မှုကြောင့် လွှင့်ပါလာသော လှိုင်းနုနုလေးတို့၏ ဘောင်ဘင်ခတ်သံ ၊ ရေလည် ဘုရားဆီမှ ဆည်းလည်းခတ်သံ ၊ ယူကလစ်ပင်ပေါ်မှ ချိုး(ဂျိုး)နှစ်ကောင် ဖိုမ မောင်နှံ၏ ကူချွဲသံသည် သူမကိုပင် လှောင်ရော့ထင့်။ သူမ ယူကလစ်ပင်ပေါ်ကို မော့ကြည့်လိုက်သည် ။ ထိုအခိုက် ချိုး(ဂျိုး)တစ်ကောင်ထပြန်သွားသည် ။ သူမရင်ထဲ ဆို့နင့်သွားသည် ။ သီချင်းသံသဲ့သဲ့လေး လွှင့်လာပြန်သည် ။
မောင်မရောက်လာပြီ×××နှောင်းလတာရှည်×××ခင်မင်မပျက်အောင်အရေး×××သဇင်လက်ဆောင်ပေးဖို့ မောင်ဝေးပြီ×××
သူမမျက်ရည် အလိုလိုစီးကျလာသည် ။ ဘယ်လိုမှ တားဆီးခွင့်မရလိုက် ။ မထူးတော့ပြီ အသံသဲ့သဲ့နဲ့ ရှိုက်ငင်ငိုကြွေးလိုက်တော့သည် ။

                                                         အခန်း(၂)

“မြမြမြှေး၍ ၊ ဆီးသေးနှင်းဖြူ ၊ မြူလည်းကြွေလင့် ၊ မပွင့်နေခြည် ၊ မကြည်ကောင်းကင် ၊ ထက်ခွင်အုံ့ပျ ၊ ငြိမ့်မျှကိုယ်တွင်း ၊ ဆီးနှင်းကျရွှမ်း ၊ ချမ်းတို့စွလည်း ၊ ရင့်မြကြာညောင်း’’ ဟု ရတုဘုရင် ဆိုခဲ့သလို မြူနှင်းမှုန်လေးတွေ ကြွေကာကြဲနေသောကြောင့် ကောင်းကင်မှာ မကြည်မလင် ၊ထက်ခွင်အာကာမှာလည်း
အုံ့ပျပျနှင့် လွမ်းမောစရာကောင်းနေသည် ။ အရှေ့ယွန်းယွန်းမှ နေဝန်းကြီးလည်း အနောက်တောင်စွယ်မှာ ကွယ်စပြုနေပြီ ။ ဆောင်းရာသီညနေခင်း နေမင်းကွယ်စပြုတာနှင့် ဆီးနှင်းမြူမှုန်လေးတွေလည်း ရွှမ်းရွှမ်းဝေနေသည် ။ ဘုန်းမြင့်ဇော်တစ်ယောက် ပျင်းပျုင်းရှိတာနှင့် အဆောင်ရှေ့ထွက်ထိုင်နေသည် ။ ထိုအခိုက် ဖြတ်လျှောက်သွားသော မိန်းကလေး နှစ်ယောက်ကို ဘုန်းမြင့်ဇော်တွေ့လိုက်ရသည် ။ တစ်ယောက်မှာ ဆံပင်ရှည်ရှည် ၊မျက်တောင်ကော့ကော့ ၊ ခန္ဓာကိုယ်ကြော့ရှင်း၍ အလွန်လှသည် ။ အသားအရေမှာ ဝါဝါဝင်းဝင်းနှင့် ရွှေအဆင်းလို တောက်ပနေသည် ။ ဖက်ဖူးစိမ်းရောင် အင်္ကျီဝမ်းဆက်ကို ဝတ်ဆင်ထားသည့်အတွက် သူမ အသား အရေမှာ ပိုပြီးတောက်ပနေသည် ။ အားလုံး ခြုံကြည့်လိုက်ရင် ဘုံကြိုးပြတ်ကြလာသည့် နတ်သ္မီးအလား ။ ကျန်တစ်ယောက်မှာမူ အသားရေ ညိုပြာပြာနှင့် အတော်အသင့်လှပါသည် ။ သို့သော် သူ့အလှသည် သူမလောက် မဟာဆန်သူမဟုတ်ပါ ။ သူမ၏ အလှသည်သာလျှင် မဟာဆန်သည် ။ မဟာဆန်သူ သြော် . . . ကျနော်ရဲ့ မဟာဆန်သူ ။
“ဘုန်းမြင့်ဇော် တစ်ယောက်တည်း ဘာစဉ်းစားနေတာလဲ ’’ ။ သူငယ်ချင်းဖြစ်သူ မောင်မြင့်အောင်က မေးလိုက်ခြင်းဖြစ်သည် ။ “ ဘာမှ မဟုတ်ပါဘူး မြင့်အောင်ရာ ပျင်းပျင်းရှိတာနဲ့ ထွက်ထိုင်နေတာ” ဟု အတူနေ သူငယ်ချင်းကို ဘုန်းမြင့်ဇော် ပြောလိုက်သည် ။ “ နတ်သမီးလေး တစ်ပါးတွေ့လိုက်လို့ ထိုင်ငေးနေတာ ’’ ဟု တစ်ဆက်တည်းပြောလိုက်ပြန်သည် ။ “ ဘာ . . . နတ်သမီး . . .ဟုတ်လား” ။
“အေး . . . ဟုတ်တယ် ’’ ။ “တစ်နည်းပြောရရင် မဟာဆန်သူပေါ့ကွာ ၊ သိပ်လှတယ်ကွ ” ။ “ဘယ်လောက်လှလို့ အဲ့လောက်တောင် တင်စားနေရတာလဲ ဘုန်းမြင့်ရာ ” ။ “ ဟိုစာသားလိုပေါ့ကွာ နတ်ရှင်နောင် ရေးခဲ့တာလေ ” ။
“လှဆုံးတင်နေ ၊ ထုံးသရေနှင့် ၊ ထွေထွေကြည့်တိုင်း ၊ ပြစ်မျိုးရိုင်းသည် ၊ စံခိုင်းလှော်သစ် ၊ ရွှေနှယ်နှစ်မျှ ၊ တင်ပြစ်မစက် ၊ လဲ့လဲ့ညက်ကို ၊ ထက်နေဘုံနေ ၊ ခုသာကြွေသို့ ” တဲ့ ။
“အဲ့ဒီလောက်ထိတောင် လှတယ် ဟကောင်ရ” ။
“ဟင် ” ဟုသာ မြင့်အောင်တမိလိုက်သည် ။

                                                           အခန်း(၃)

အတွေးအကြံတို့ကို လေ့ကျင့်ပေးရာဌာနဖြစ်သော တက္ကသိုလ်ဝန်းထဲမှာ အတန်းတက်ချိန်မို့ ကျောင်းသား ကျောင်းသူတို့ ကိုယ်စီကိုယ်စီ ဆိုင်ရာအခန်းသို့ သွားနေကြသည် ။ ထိုထဲတွင် ဘုန်းမြင့်ဇော်တို့ သူငယ်ချင်းနှစ်ယောက်လည်းပါသည် ။
“ဟင် . . . မဟာဆန်သူ” ။
ဘုန်းမြင့်ဇော် အံ့သြမှုနှင့်အတူ နှုတ်မှလည်း အသံထွက်သွားသည် ။ “ဘာဖြစ်တာလဲ ဘုန်းမြင့်” ။
“မနေ့က ငါပြောတဲ့ မဟာဆန်သူဆိုတာလေ” ။
“သြော် . . . သူလား” ။
“နေပါဦး မင်းက သူ့ကို သိနေလို့လား” ။
“သိတာပေါ့ကွာ သူ့နာမည်က ထားထားလွင်တဲ့” ။
“ငါတို့နဲ့ မြန်မာစာ မေဂျာတူတယ် ဒါပေမယ့် သူက ဒုတိယနှစ်ကျောင်းသူ ၊ ငါတို့က ပထမနှစ်” ။
“နေပါဦး ငါက ဘာဖြစ်လို့ သူ့ကို မသိတာလဲ ” ။
ဘုန်းမြင့်ဇော် ကိုယ့်ကိုယ်ကို မကျေနပ်သံဖြင့်မေးလိုက်သည် ။ “ဘယ်သိမှာလဲ မင်းက အချိန်ပြည့် အခန်းအောင်းပြီး စာကြည့်နေတာကို ” ။ ဟု မြင့်အောင် ပြောလိုက်သည် ။ဘုန်းမြင့်ဇော် ဘာမှ ပြန်မပြောမိ။
ထို့နောက် အခန်းထဲ ဝင်သွားတော့သည် ။ အခန်းထဲရောက်မှ ဗလာစာအုပ်ထုတ်ကာ ပထမဦးဆုံးသော စာမျက်နှာတွင် ရေးလိုက်သည် ။
“မဟာဆန်သူ ထား ကျနော့်ရဲ့ ထားသခင် ” ။
ထိုနေ့ညနေခင်းမှာလည်း ဘုန်းမြင့်ဇော်တစ်ယောက် ခါတိုင်းလို အဆောင်ရှေ့သို့ ထွက်ပြီးထိုင်နေမိသည် ။
×××မျှော်တော်ယောင်×××မျှော်တော်ယောင်×××မျှော်တော်ယောင်×××ဘဝက လွတ်ချင်ပြီ ×××သူ မကယ်ရင်××× သူ မကယ်ရင်×××မျှော်တော်ယောင် ဘဝက ကျွတ်ဖို့လမ်းမမြင်ဘူး×××
မြင့်အောင် ပြုံးစိစိလုပ်ကာ သီချင်းအော်ဆိုနေသည်။
“ဘုန်းမြင့် လာကွာ ၊ ငါတို့ ကန်ဘက်ကို လမ်းလျှောက်ရင်း ဘုရားဖူးသွားရအောင် ပြီးတော့ အကြော်စားရင်း စကားပြောကြတာပေါ့ကွာ” ။
သူငယ်ချင်းနှစ်ယောက် ရေလည်ဘုရား ကို ဝတ်ပြုပြီး ရှင်ဥပဂုတ္တဆင်းတုတော်ဆီသို့ ဆက်သွားပြီး ဝတ်ပြုနေပြန်သည်။
“ရော့” ။ ဟု နှုတ်မှဆိုပြီး ပစ်လိုက်သည် ။ “ ဟယ် . . . ချစ်ရေးဆိုခြင်းခံရလိမ့်မည် ” တဲ့ ။ ထားထားလွင်၏ နှုတ်မှထွက်လာသော အသံဖြစ်သည် ။ “ အင့် . . .ထား ဆက်ပြီး ပစ်လိုက်သည် ၊ ဘာလဲဆိုတာ ကြည့်ရတာပေါ့ ” ။ ဟု မေသူ ပြောပြီး ကြွေစိ တစ်မက်စိကို ထားထားလွင် လက်ထဲသို့ ထည့်လိုက်သည် ။ ဘောကွင်းပေါ်မှ သံပြားပေါ်တွင် ရေဖလား ရှစ်လုံးသည် မနားတမ်းလည်နေသည် ။ ထားထားလွင်တစ်ယောက် ရင်ခုန်နေသည် ။ ကလေးတစ်ယောက် ပမာ ပျော်နေသည် ။ထားထားလွင် တစ်မက်စိကို လက်ကလေးနှင့်ပွတ်ရင်း ပစ်ဖို့ချိန်ဆနေသည် ။
“ရော့ . . .ဟယ်” နှုတ်မှ အသံထွက်ပြီး ပစ်လိုက်သည် ။ “ဟင် . . . ချစ်သူနှင့် ကွေကွင်းရလိမ့်မည်” ။
“တော်ပြီဟာ . . . ကျန်တဲ့တစ်စိကို မေသူ နင်ပစ်လိုက်တော့” ဟု ထားထားလွင် မကြည်မသာ မျက်နှာထားနှင့် ပြောလိုက်သည် ။
“ရော့ . . . ဟယ် ’’ဆိုပြီး ပစ်လိုက်သည် ။ “စာမေးပွဲ အောင်လိမ့်မည်” ဟု ရေးထားသော ခွက်ထဲသို့ ကြသောကြောင့် မေသူ ခုန်ပေါက် ပျော်မြူးနေသည် ။
“ထားထားလွင်” ။ မြင့်အောင် ခေါ်လိုက်သော အသံဖြစ်သည် ။
“လာကွာ ဘုန်းမြင့် ငါမိတ်ဆက်ပေးမယ်” ။
“ထားထားလွင် ဒါ ငါ့သူငယ်ချင်း ဘုန်းမြင့်ဇော် ၊ မန်ကျည်းချောက်ရွာကလေ ၊ ငါနဲ့ အတူ အဆောင်မှာလာနေတာ ” ဟု မိတ်ဆက်ပေးလိုက်သည် ။
“ဒါ ကတော့ . . . ’’
“ကျမ မေသူပါ” ။
မေသူသည် သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်သည် ။
“ဟုတ်ကဲ့ ကျမက ပေါက်ချောင်း ရပ်ကွက်ကပါ ၊ ရှင့် လိုပဲ မေသူနဲ့ အတူ အဆောင်မှာ လာနေတာ” ဟု ထားထားလွင် ပြောလိုက်သည် ။ ဘုန်းမြင့်ဇော် ထားထားလွင်ကို ကြည့်လိုက်သည် ။ သူစတွေ့ခဲ့သည့် နေ့ကလိုပင် ဖက်ဖူးစိမ်း အင်္ကျီဝမ်းဆက်ကို ဝတ်ထားသည် ။
“မဟာဆန်သူ ထား ၊ သြော် . . . မဟာဆန်ရုံမက သူ့အလှသည် ကဗျာလည်းဆန် ၊ ကညာလည်း ဆန်ပါပေါ့လား ”ဟု ဘုန်းမြင့်ဇော် စိတ်ထဲကနေ မှတ်ချက်ပြုလိုက်သည် ။
“သို့ . . . အကြည့်ခြင်းဆုံသွားသည် ၊ ထားထားလွင်သည် ရှက်သလိုလို ကြောက်သလိုလိုနှင့် မျက်နှာကို အောက်သို့ ငုံ့လိုက်သည် ။

သြော်. . . ဒါသည်ပင် ကညာဆန်နေပါပေါ့လားဟု ဘုန်းမြင့်ဇော် စိတ်ထဲမှနေ၍ မှတ်ချက်ပြုလိုက်ပြန်သည် ။ “ တို့အကြော်စားရင်း စကားပြောရအောင်လား’’။ မြင့်အောင်ပြောလိုက်ခြင်းဖြစ်သည် ။ သူတို့အုပ်စု အဖွဲ့ကျကာ ပျော်ရွှင်စွာ ရယ်သံမောသံတို့နှင့်အတူ စကားပြောနေကြသည် ။ ဘုန်းမြင့်ဇော် သီချင်းသံကို နားစိုက်လိုက်သည်။

ကောင်းခြင်းငါးသွယ်×××ဂုဏ်အင်္ဂါကြွယ်×××အသားတော်ကဉ္စန×××

ယဉ်ပါလှတယ်×××အမရာကိန္နရီ×××မဒ္ဒီသမ္ဘူလ××တော်လေးဝပုံနယ်

ရွှေသားရုပ်သွင်×××ခင်မင်စရာငယ်×××မျက်နှာတော်ဝါဝါဝင်း×××

ရွှေလမင်းကြီးပုံနယ်×××

အကြော်ဆိုင်မှ ဖွင့်ထားသော သီချင်းသံဖြစ်သည် ။ ထိုဆိုင်မှ ဖွင့်သော

သီချင်းသံ ၊ မြောက်ပြန်လေတိုက်ခတ်မှုကြောင့် လွင့်ပါလာသော လှိုင်းနုနုလေးတို့၏ ဘောင်ဘင်ခတ်သံ ၊ ရေလည်ဘုရားမှ ဆည်းလည်းခတ်သံ ၊ ယူကလစ်ပင်ယံထက်မှ ချိုး(ဂျိုး)ကူသံတို့နှင့်အတူ

သူတို့အဖွဲ့၏ ရယ်သံမောသံတို့သည် လေထဲမှာ လွင့်ပါသွားတော့သည် ။



                                                    အခန်း(၄ )

မနက်ဖြန်ဆို ဖေဖော်ဝါရီ (၁၄ ) ချစ်သူများနေ့ရောက်ပြီ။

မြင့်အောင်တစ်ယောက် သူ၏ သက်ဆိုင်သူသို့လက်ဆောင်ပေးဖို့ ပါဆယ်ထုတ် ပြင်နေသောကြောင့် အငြိမ်ကိုမနေရ ။ ဟိုဟိုဒီဒီသွားရ ဝယ်စရာရှိတာ ဝယ်ရနှင့် အလုပ်ရှုပ်နေသည် ။ သူ့လိုပင် သက်ဆိုင်သူများကို လက်ဆောင်ပေးဖို့အတွက် အခြားသော လူငယ်လူရွယ်တို့လည်း ဟိုဟိုဒီဒီနှင့် နေရာတော်တော်များများမှာ ရောက်ယက်ခတ်နေသည် ။ ဘုန်းမြင့်ဇော်သည် ထိုကဲ့သို့သော လူငယ်လူရွယ်တို့လိုမဟုတ် ။ ဒီနေ့မှပိုပြီး ငြိမ်ချက်သားကောင်းနေသည်။

သို့သော် သူ့မှာ ခံစားတတ်သော နှလုံးသား ၊ချစ်တတ် ချစ်အပ်သော နှလုံးသားရှိသည်မဟုတ်ပါလား ။ ဒါကို သူပင် အသိဆုံးပါ ။ ဘုန်းမြင့်ဇော်

စာကြည့်စားပွဲပေါ်မှ ရေးထားပြီးသော စာကိုကြည့်ရင် ငြိမ်နေသည် ။

“ဘုန်မြင့်ဇော် ငြိမ်လှပါလား ၊ မနက်ဖြန်မှာ မင်းရဲ့ မဟာဆန်သူ ထားသခင်ကို လက်ဆောင်ပေးဖို့အတွက် ဘာမှမလုပ်ဘူးလား”။

“ဘုန်းမြင့်ဇော် ဘာမှပြန်မပြောမိ ၊ ငြိမ်မြဲငြိမ်နေသည် “။

“ဟကောင်ရ”

မြင့်အောင် အနားလာပြီး အော်လိုက်သည် ။

“အော်. . .ကဗျာရေးထားတာကိုး”။

မြင့်အောင် ပြောပြောဆိုဆို ယူဖတ်ကြည့်လိုက်သည် ။

“သူရှာပေးသော ငြိမ်းချမ်းရေး”

ပြည်မြန်မာ ကြည်သာဖို့ ၊ အားမာန်တို့စစ်ချီ

မျှော်လင့်ချက် ရွှေရောင်ခြည် ၊ သန်ရမည်မလွဲ. . . ။

သွေးရဲရဲ မြန်မာတို့ ၊ လွတ်ဖို့ရန် သူကြံသည်

ထိတ်လန့်ဖွယ် ရန်ခပင်း ၊ ရှင်းထုတ်ခဲ့သည်. . .။

ငြိမ်းချမ်းရေးအတွက်မို့ပင် ၊ အသက်ကိုပင် မငဲ့

ထိန်လင်စတဲ့ ဇာနည်တစ်စု ၊ အသေအချာ ပြုစုခဲ့လို့

ပြည်မြန်မာ ကြည်သာခဲ့ပါပြီ . . .။

“ငါ ထားကို လက်ဆောင်ပေးဖို့ ကြိုတင်စီစဉ်ထားပါတယ် အခုသွားယူမလို့”

ဘုန်းမြင့်ဇော် ပြောဆိုပြီး ထွက်သွားတော့သည် ။



                                                အခန်း ( ၅ )

  ဖေဖော်ဝါရီ ( ၁၄ ) ချစ်သူများနေ့ဘယ်နေရာကို ကြည့်လိုက်ကြည့်လိုက် သာသာယာယာ ရှိလှသည် ။

ယုတ်စွအဆုံး ကောင်းကင်မှာ ပျံသန်းနေသည့် ကျေးငှက်သာရကာတို့မှ

စ၍ ကိုယ်စီကိုယ်စီ စုံတွဲလေးတွေနှင့် ။ ချစ်ခွန်းတုံ့လှယ်နေသော ချစ်သူစုံတွဲ၏ စကားတို့လည်း ကြည်နူးစရာကောင်းနေသည် ။

“ထားကို မောင်လက်ဆောင်ပေးမယ်ဆိုပြီး ဘုန်းမြင့်ဇော် အသင့်ယူလာသော သဇင်ပန်းကို ပေးလိုက်သည် ။

“ရော့. . . မောင်ပြန်ယူ ၊ ထားကို မောင်ကိုယ်တိုင်ပန်ပေး”။

ဘုန်မြင့်ဇော် သဇင်ပန်းကိုယူပြီး ထားရဲ့ ခေါင်းမှာဆင်မြန်းပေးလိုက်သည်။

ထိုအခိုက် အကြော်ဆိုင်မှ သီချင်းသံ သဲ့သဲ့လေး လွင့်လာသည် ။

ချစ်ဒါလီ× × ×တစ်နှစ်တာရှည် ကြည်ရွှင်လန်းစေဖို့× × ×

သဇင်ပန်းတွေနှင့်× × ×ဆင်မြန်းပေးခဲ့ပြီ× × ×သည်ရာသီခါဆောင်း

ဟောင်းတမေ့မေ့××× တရွေ့ ရွေ့ တာရှည်×××

“ထား”

ဘုန်းမြင့်ဇော် ခေါ်လိုက်သည် ။ ထို့နောက် ပခုံးကို အသာအယာကိုင်ကာ

ရင်ခွင်ထဲသို့ စွဲသွင်းလိုက်သည် ။ ထားထားလွင်လည်း “မောင်”ဟုဆိုကာ

ဘုန်းမြင့်ဇော် ပခုံးကို အသာအယာ မှီလိုက်သည် ။ မြောက်အရပ်ဆီမှ

ဆောင်းလေပြေအေး တိုက်ခတ်မှုကြောင့် လွင့်ပါလာသော လှိုင်းနုနုလေး

တို့၏ ဘောင်ဘင်ခတ်သံ ၊ ရေလည်ဘုရားဆီမှ ဆည်းလည်းခတ်သံ ၊

ယူကလစ်ပင်ယံထက်မှ ချိုး(ဂျိုး)နှစ်ကောင် ဖိုမမောင်နှံ၏ ကူချွဲသံတို့သည်

သာယာနာပျော်ဖွယ်ကောင်းနေသည်။ ထို့နောက် ချစ်သူစုံတွဲ၏

ကြည်နူးစရာကောင်းသော ချစ်စကားလေးတွေနှင့်အတူ ပျောက်ကွယ်

သွားတော့သည် ။

အချိန်သည် နေ့စဉ်လည်ပတ်သည်နှင့်အမျှ တဖြေးဖြေး ကုန်ဆုံးခဲ့ပြီ။

အသစ်အသစ်သော နေ့ဆီသို့လည်း ကူးပြောင်းနေသည် ။

ချစ်သူများနေ့ဆီသို့ တစ်ကျော့ပြန် ရောက်ရှိလာသည် ။ထားထားလွင်

တစ်ယောက် ဘုန်းမြင့်ဇော် အလာကိုစောင့်ရင်း ယူကလစ်ပင်အောက်မှာ

ထိုင်နေသည် ။ သို့သော်. . . ။

လူငယ်တစ်ယောက် ရောက်လာပြီး အမက ထားထားလွင် ဟုတ်ပါတယ်နော် ၊ ကိုဘုန်းမြင့်ဇော်က ပေးခိုင်းလိုက်တာဟုဆိုကာ စာတစ်စောင်နှင့်အတူ သဇင်ပန်းကို ပေးသွားသည် ။ ထားထားလွင်

စာကို ဖတ်လိုက်သည် ။

“သို့

ရင်မှလိုက်ဆူ ၊ မောင့်သည်းအူကို ၊ အတူမကွာ ၊ခေါ်ချင်ပါလည်း ၊

မာလာပန်းမှာ ၊ သူရိယာကြောင့် ၊ ညိုးကာနွမ်းခြောက် ၊ ပင်ယံအောက်သို့၊

ကြွေပျောက်သည့်မျိုး ၊ အဖြစ်ဆိုးလို ၊ ဆိုးကျိုးတွေချည်း ၊ အသီးသီးနှင့် ၊

သိပ်သည်းလှစွာ ၊မောင့်မှာသာလျှင် ၊ ကညာပျိုလေး ၊ကောင်းစားရေးမို့၊

ရှောင်ပြေးထွက်ခွာ ၊ခင့်ဝေးရာကို ၊ ဖဲခွာရစ်မည် ၊ နေရစ်ပေတော့ ထားသခင်. . . . .။

မောင်

ထားထားလွင် မျက်ရည်စီးကျလာသည် ။ ရက်စက်လိုက်တာမောင်ရယ် . . .

ထို့နောက် ရေလည်ဘုရားဆီသို့ မျှော်ကြည့်လိုက်သည် ။ နုတ်မှလည်း

လက်ဝဲသုန္ဒရအမတ်ကြီး၏ ရတုကို ရေရွတ်လိုက်မိ၏ ။

ပတ်သန်းစွေအိုင် ၊ တဖြိုင်ဖြိုင်လျှင် ၊ရွာနိုင်လေခြင်း ၊ ငယ်ကရင်း၍ ၊

သက်နှင့်အတူ ၊ တောင့်တသူနှင့် ၊ အတူမကွာ၊ စုံပါစေဦး ၊နှစ်မကျူးလည်း

နှစ်ကူးရုံမျှ ၊လင့်ကောင်းစွတည့် ၊မိုးကရင်ရှု ၊သူကတတေ ၊သို့စင်မွေသော်

ပျောက်ပြေပါအောင်၊ကြံရေးဆောင်လျက်၊တစောင်တစည်း၊ပန်းလည်းတစုံ

စည်းခုံတဆူ၊ ရွှေဂူနံသင့်၊ ဘုန်းတော်နှင့်ကို၊ရက်မြင့်မရှည်၊စုံတော့မည်ဟု

ညွတ်ကြည်ဆုယူ၊ တောင်မှတ်မူသည်၊ တဆူသာ ကိုးကွယ်တော့၏…။

                                                ပြီးပါပြီ

                                                                                     သာကီမင်းသားလေး

                                                                                           9. 2. 2013

No comments:

Post a Comment