မင်္ဂလာပါခင်ဗျာ ဒီ ဘလော့ဂ်လေးကိုလာရောက်ကြည့်ရူ့ကြသူအပေါင်းကို ကျနော် သာကီမင်းသားလေး မှ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ

Saturday 15 June 2013

မဆုံးသေးသော အလွမ်းများ


အပိုင်း( ၁ ) 
နွေဦးမှာကြွေလွှင့်
သခင့်ကို လေရူးတွေနဲ့အတူ
ခေါ်ယူသွားပြီပေါ့?.,.။
နေမွန်းတည့်ချိန်မှာ
ငါတို့ရဲ့ နေမင်းကြီးကွယ်ပျက်လို့
ရင်ထဲမှာ ဗလောင်ဆူပွက်
ပူချက်ကယ် နေဆယ်စင်း
အံမယ်မင်း သခင့်ကို
ဘယ်လိုငြိုးမာန်ရယ်သူဖွဲ့လို့
ပြုခဲ့တာလည်းကွယ်....။
တပေါင်းလ မိန်လရာသီကို နွေဦးလို့
ခေါ်ဆိုရမည် ထင်ပါရဲ့ ။ နွေဦးမှာ
လေရူးတွေကလည်းမြူး သစ်ရွက်
ခြောက်တွေဟာလည်း လေနှင်ရာကို
စေလို့ပေါ့ ။ ဥသြတွေကလည်း
တေးဆို ။ လွမ်းစရာကောင်းလိုက်
တာဗျာ။ ဘယ်သူ့ကိုလွမ်းရမှန်းမသိ
လွမ်းစရာလည်း မရှိနဲ့ စိတ်တွေဟာ
မသီကုံးထားတဲ့ ပန်းတွေလို ။ မသီကုံးထားတဲ့ ပန်းတွေဟာ အရပ်
လေးမျက်နှာမှ တိုက်ခတ်လာသော
လေကြောင့် ဖရိုဖရဲကြဲသလို နွေဦး
လေရူးသလို ကျွန်ုပ်လည်း ရူးချင်
သလိုလို ။ တစ်နေ့မှာကြားရတဲ့
သတင်းကြောင့် နွေခေါင်ခေါင်
နားရင်းကို မိုးကြိုးပစ်ခံရလိုက်သလို
ပါပဲ ။ ကျွန်ုပ်တို့နေမင်းကြီးကွယ်သွား
ပြီတဲ့ ။ နေမွန်းတဲ့ချိန်မှာ နေမင်းကြီး
ကွယ်သွားပြီဆိုတော့ ကျွန်ုပ်အပါဝင်
အားလုံးတို့၏ မျက်ဝန်းတွေမှာ
ဘယ်နေရာကြည့်လိုက်လိုက် မှုန်ဝါး
ဝါးသာ ။တစ်နေကွယ်သေနယ်သို့
တစ်ခါကူးတဲ့။

နေမကွယ်ခင်မှာ သေနယ်သို့ကူးရော့
သလား သခင် ။ သေမင်းရယ်...
သခင့်ကိုမှ ( အံမယ်မင်း )သခင့်ကိုမှ
ခေါ်ရသလားကွယ်။ ကျွန်ုပ်ဘဝ
သခင့်ကို ဘယ်တော့မှ မေ့ပျောက်
လို့ရမည် မဟုတ်တော့ပါ။ ကျွန်ုပ်နဲ့
သခင် တစ်ကြိမ်သာ မျက်နှာခြင်းဆိုင်
တွေ့ဆုံခဲ့ဖူးပါသည်။ ထိုတွေ့ဆုံခြင်း
သည်ပင်လျင် ကျွန်ုပ်၏ အတိတ်က
လွမ်းစရာအဖြစ် ကျန်ရစ်နေပါသည်။
ကျွန်ုပ် လွမ်းနေဦးမည်။
ဒီဘဝနဲ့အမျှ လွမ်းနေပါဦးမည် ။
`
အပိုင်း( ၂ )

၁၃၇၂ခုနှစ်၏ ပညာသင်နှစ်ကိုကျွန်ုပ်
မိတ်ဆွေအပေါင်းသင်းတို့နှင့်အတူ
ပျော်ရွှင်စွာဖြတ်သန်းနေကြသည်။
ကျွန်ုပ်တို့၏ တစ်နေ့တာလုပ်ငန်းစဉ်
မှာစာကျက် စာဝါတက် ဘုရားဝတ်ပြု
စသည်တို့ပင်ဖြစ်သည်။ထိုနှစ်သည်
ကျွန်ုပ်၏ မန္တလေးသကျသီဟအသင်း
စာမေးပွဲ သီးခြားစာသင်တန်းသုံးနှစ်
မြောက်ဖြစ်သည်။ ထိုသို့သုံးနှစ်
မြောက်ဖြစ်သောကြောင့် နောက်
တက်လာသော သီးခြားစာသင်တန်း
အသစ်သမားများသည်ကျွန်ုပ်တို့လို
သုံးနှစ်သမားတို့ကို၎င်း ထို့ထက်
နှစ်ကြာနေပြီဖြစ်သော လေးနှစ်
စသည်တို့ကို၎င်းနှစ်ကြီးသမားတွေလို့ခေါ်ကြတယ်လေ။ သူတို့တတွေ
အခေါ်ပေါ့။ သို့သော် ကျွန်ုပ်စသော
သူတို့ကား (အားလုံးကိုမဆိုလိုပါ)
ယုန်မရ တောကြလို့ရှေးဆိုရိုးစကား
ရှိခဲ့သလို ယုန်းလည်းမရခဲ့ပါဘူး။
ယုန်မရသည့်အတွက် တောကြေ
သလားဆိုတော့ အဲဒီလိုလည်းမဆို
လိုပါ။ အတော်အသင့်တော
တောကြေခဲ့ကြပါသည်။အသက်က
လည်း ကြီးလာ စာမေးပွဲကလည်း
မအောင်ဆိုတော့ တဖြေးဖြေးနှင့်
ဖိအားများလာပါတော့သည်။
ခက်သည်ကား ၄င်းစာမေးပွဲသည်
အသက်အပိုင်းခြားနှင့်ဖြေဆိုရသည်
ကား သာ၍ဖိအားများစေပါတယ်။
မှန်ပါသည်။ ထိုသကျသီဟသီးခြား
စာသင်တန်းသည် အသက်(၂၇)နှစ်
အတွင်းအောင်မြင်စွာဖြေဆိုရသည်
သို့မဟုတ်လျှင် တပ်လှန့်ပြီးနောက်
ကြောင်းသို့ ပြန်ဆုတ်ရပါသည်။
တစ်နည်းဆိုရသော် (၂၇)နှစ်အတွင်း
မအောင်လျှင် အလိုလို ဂိတ်ပြုတ်
တော့သည်။ ဆက်ဖြေလို့မရ။
အောင်သွားပြန်လျှင်လည်း သီးခြား
စာချတန်းကို ဆက်လက်၍ ဖြေဆိုရ
သည်။ သီးခြားစာချတန်းကိုတော့
(၃၅)နှစ်ထိ ခွင့်ပြုထားသည်။
နောက်ထပ် (၈)နှစ်ပေါ့ဗျာ။ သီးခြား
စာသင်တန်းနှင့် သီးခြားစာချတန်း
တို့ကို အောင်မြင်မှသာလျှင်
ပရိယတ္တိသကျသီဟဓမ္မာစရိယစာချ
ဘွဲ့ကို လက်ခံရယူရသည်။ တစ်နည်း
အဘိဝံသဘွဲ့ပေါ့။ ဒီလိုနဲ့ ဖြတ်သန်း
လာလိုက်တာတစ်နေ့ စာဝါကအပြန်
မောမောနှင့် ရေချိုး။ ရေချိုးပြီးတာနှင့်
ဆွမ်းစားပေါ့ဗျာ။ ဘယ်ပြောကောင်း
မလည်း ဘုဉ်းပေးလို့ကောင်းလိုက်
သည့်ဆွမ်း စားရသည့် ဆွမ်းဟင်းက
လည်း ငါးပိရည် ဝက်သားဆိုတော့
အတက်စာချည်းပဲလေ။ တက်လိုက်
သည့်ဖြေချင်း။ ရဟန်းဘဝဆိုတာ
ခက်ပေသား အချိုလိုချင်ရင် အချဉ်
အချဉ်လိုချင်ပြန်တော့ အခါးစသည်
ပေါ့။ ကိုယ်လိုချင်တာ ဘယ်ရမလဲ။
သူတို့လောင်းတာကို ဘုဉ်းပေးရတာ
ကိုးဗျ။ ဆွမ်းစားပြီး စာဖတ်ရင်း
ဖတ်ရင်းနဲ့ ငိုက်မျဉ်းလာသည့်
အတွက် စာအုပ်လေး ရင်ဘတ်ပေါ်
တင်ကာ အိပ်ပျော်သွားတော့သည်။

အပိုင်း ( ၃ )

အိပ်ယာနိုးပြီးတာနဲ့ ပထမဆုံးကြည့်မိသည်ကား နာရီ ၊ ဟိုက်….သွားပြီ..ဟူသော အာမေဋိတ်နှင့်အတူ ကိုယ့်နဖူးကို လက်ဝါးဖြင့် ရိုက်မိတော့သည်။ ကျွန်ုပ်အိပ်ယာထ နောက်ကျခဲ့လေပြီ ။ အတန်းဆိုင်ရာ စာအုပ်စွဲကာ ဒိုးတော့သည်။
တုန်လှုပ်ခြောက်ခြားမှုကို ရင်မှာပိုက်လို့ပေါ့။ ဟော…ရှေ့ မှာ..
ထိပ်တိုက်တွေ့ပါပြီ ဘယ်လိုမှ ပုန်းကွယ်လို့မရ တိမ်းရှောင်လို့မရ။
မထူးပြီ ရှေ့ အနည်းငယ် ဆက်သွားကာ အရိုသေပြုပြီး ရပ်နေလိုက်
သည်။ မင်း…ဘယ်အတန်းကလဲ?။ ပထမတစ်ကြိမ်မေးသည် မှင်သက်မိကာ မဖြေမိ ။ ဒုတိယတစ်ကြိမ်ထပ်မေးသည် မဖြေမိပါ
တတိယတစ်ကြိမ်တော့ နုတ်တွင်မက လက်လည်းရွယ်ကာ
မြောက်လိုက်သည်။ သို့မှသာ ကျွန်ုပ်လည်း စာသင်တန်းဟု ဖြေလိုက်သည်။ သခင်၏ တစ်ခွန်းတည်းထွက်လာသော အသံကား
သွား…ဟူသောအသံဖြစ်သည်။ သခင်၏ အသံသည် ပီပြင်ပြတ်သား
ပြီး ဟိန်းနေသည်။ ကျွန်ုပ်လည်း ရှေ့ ဆက်ပြီး အတန်းဆီသို့ ဒိုးတော့
သည်။
ကျွန်ုပ်လည်း တစ်ချိန်က သခင်မိန့်ဆိုခဲ့ဖူးသော နုတ်ချွေစကားတို့ကို
တစ်စိမ့်စိမ့်တွေးနေမိသည်။ အေးကွ…မင်းတို့မှတ်ထား…ငါက
လူမုန်းမှာမကြောက်ဘူး ကံမုန်းမှာကိုသာ ကြောက်တာ၊ ဟုတ်လား ။
မင်းတို့ကောင်းဖို့ ငါက မိုက်ပေးနေတာ ဟုတ်လား..။ငါတို့က မျောက်
ပြပြီး ဆန်မတောင်းဘူး..ဟုတ်လား..။ မင်းတို့စည်းကမ်းတိုင်းမနေနိုင်
ရင် ထွက်သွားကြ ငါတို့က မတားဘူး ။ဒီမှာနေရင် ဒီစည်းကမ်းနဲ့နေ
မှ ဟုတ်လား…စသည်တို့ဖြစ်သည်။ မှန်ပါသည်။ သခင်သည်
သတ်မှတ်ထားသော စည်းကမ်းကို ဘယ်သူ့မျက်နှာမှ မထောက်ပါ
ကျူးလွန်သူကို ပြစ်ဒဏ်ပေးလေံရှိသည်။ စည်းကမ်းကိုအလွန်
အလေးထားသည် ။ မိမိကျောင်းမှာနေဖို့ဆိုတာ မလွယ်ကူလှပါ။
ဆိုင်ရာပြဋ္ဌာန်းကျမ်းစာတွေကို ပြန်နိုင်မှသာလျှင် ဤကျောင်းမှာနေ
ပြီး ပညာသင်ခွင့်ရသည်။ သခင်ပြောပြဖူးတာ အမှတ်ရနေမိသည်။
ဟိုတစ်လောက ဦးဇင်းတစ်ပါ ငါ့အမလွတ်လိုက်လို့ဆိုပြီး ကျောင်းမှာ
နေပြီး ပညာသင်ချင်တဲ့အကြောင်း ငါ့ကိုလာလျှောက်တယ်၊
ဟုတ်လား ။ ငါကလည်း ပြန်ပြောလိုက်တယ် ငါ့အမ မကဘူး
သမ္မတကြီးက လွတ်လိုက်လည်း မရဘူး ။ ဒီမှာပညာသင်ချင်ရင်
ပြဋ္ဌာန်းကျမ်းစာပြန်နိုင်ရင် နေခွင့်ရမယ်။ မပြန်နိုင်ရင် နေခွင့်မရဘူး
ဟုတ်လား…။ အဲတော့ အဲ့ဦးဇင်းလည်းပြန်သွားတယ်ပေါ့ကွာ။
ဒါသခင်ရဲ့  တိကျပြတ်သားမှုပါပဲ ။ သခင်ရဲ့  အခြားသော ကျွန်ုပ်မသိ
သော တိကျပြတ်သားမှုတွေ ကျန်ရှိနေပါသေးတယ်ဆိုတာ မပြောဘဲ တွေးရုံကြည့်ရုံဖြင့် သိနိုင်ပါသည် ။
                                                                     ဆက်ရန်
                                                                    သာကီမင်းသားလေး

No comments:

Post a Comment