နှစ်သစ်၏ ကနဦးအဖွင့်ရက် နေ့သစ်ဖြစ်သော နံနက်ခင်းမှာ ဥတ္တရလေပြေညှင်းက လေချိုသွေး
ကာ ဆောင်းရာသီ၏ ဇာတိကိုပြနေသည်။ ရော်ရွက်ဝါလေးတွေကလည်း မြေမှာခ ဥတ္တရလေပြေညှင်းနှင့်
အတူ ပလူးပလဲမြူးတူးစွာ ကစားနေသည်။ အချိန်တွေလည်း တဖြေးဖြေးနှင့် ကုန်ခြင်းမလှ ကုန်ခဲ့လေပြီ။
အရှေ့ယွန်းယွန်းမှ နေဝန်းကြီးကလည်း အနောက်တောင်စွယ်မှာ ကွယ်ခဲ့သည့်အကြိမ်ပေါင်းလည်း များလှ
ပြီ။ နေကွယ်တာအကြိမ်များလျှင်ဖြင့် သေနယ်ရွာကို တစ်ကြိမ်သွားရပေဦးမည်။ နောက်နောင်ဘဝတွေမှာ
လည်း ထို့အတူပင်။ ဘဝမှာ နေပျောင်ရုံဖြင့် မပြီးသေးပါ ။ သေပျော်ဖို့လည်း လိုပါသေးသည်။ ကျွန်ုပ်အဖို့
နှစ်သစ်၏ ကနဦးအဖွင့်ရက်မှာ နေပျော်ရုံမက သေမည်ဆိုလျှင်လည်း သေပျော်ခဲ့ပါပြီ။
`မြမြမြှေး၍၊ ဆီးသေးနှင်းဖြူ ၊ မြူလည်းကြွေလင့် ၊ မပွင့်နေခြည် ၊ မကြည်ကောင်းကင်၊ ထက်ခွင်အုံ့ပျ ၊ငြိမ့်မျှကိုယ်တွင်း ၊ ဆီးနှင်းကျရွှမ်း ၊ချမ်းတို့စွလည်း၊ ရင့်မြကြာညောင်း`ဟူသော နတ်သျှင်နောင်၏ ဆောင်းရာသီအလွှမ်းမယ်ဘွဲ့ရတုပိုဒ်စုံကို ကျွန်ုပ်ဖတ်ပြီး အတွေးနယ်ချဲ့နေမိသည်။
နှင်းမြူမှုန်လေးတွေကြွေကာကြဲနေသောကြောင့် ကောင်းကင်မှာ မကြည်မလင် ထက်ခွင်အာကာမှာလည်း
အုံ့ပျပျနှင့် လွမ်းမောစရာကောင်းနေသည်။ အရှေ့အရပ်ဆီမှ သူရိယနေမင်းကြီးကလည်း ယနေ့မှမကြည်
မသာဖြစ်နေသည်။ထို့ကြောင့်ပင် ဆီးနှင်းများလည်း ရွှမ်းရွှမ်းဝေနေဆဲ ။ကျွန်ုပ်လည်း ချမ်းနေဆဲပင် ။
ထိုခဏမှာပင် ကြားရသည့်အသံကြောင့် ကျွန်ုပ်၏အတွေး ရပ်တန့်သွားသည်။ 0-သွေးအလှူခံနေသော
အသံဖြစ်သည်။ကျွန်ုပ်လည်း အသံကြားကြားချင်းပင် အသံကြားရာဆီသို့သွားပြီး သွေးလှူဒါန်းလိုပါကြောင်း
ပြောလိုက်သည်။ မန္တလေးမြို့၏ ပြည်သူ့ဆေးရုံကြီးသို့ သွားရသည်။သွားနေဆဲမှာပင် လူနာရှင်ကို လူနာ
အကြောင်းမေးသောအခါ ဦးနှောက်ခွဲစိတ်ကုသရမည်ဟု သိရသည်။ ပြည့်သူ့ဆေးရုံကြီးသို့ ရောက်သော
အခါ လျှောက်လွှာစာရွက်မှာ ဖြည့်စွက်စရာလေးတွေကို ဖြည့်ပြီး ဆေးစစ်ရသည်။ ကျွန်ုပ်သွေးလှူဒါန်းခွင်၍
အလွန်ဝမ်းသာသွားသည်။ ယခုသွေးလှူဒါန်းခြင်းသည် ကျွန်ုပ်၏ (၇)ကြိမ်မြောက် သွေးလှူဒါန်းခြင်းဖြစ်
သည်။ နှစ်သစ်၏ အဖွင့်နေ့ရက်သည် ကျွန်ုပ်၏ မွေးနေ့မွေးနံ အဂါင်္နေ့ဖြစ်သောကြောင့်လည်း အံသြမိ
သည်။ ပို၍ အံသြစရာကောင်းသည်ကား ကျွန်ုပ်ကဲ့သို့သော သွေးလှူရှင်များထဲမှာ အမျိုးသမီးများ ပါဝင်နေ
သောကြောင့်ဖြစ်သည်။ ယခုကဲ့သို့သွေးလှူဒါန်းသောနေရာမှာ ယောက်ျားသားများသာ လှူဒါန်းကြသည်ဟု
ကျွန်ုပ်မှတ်ထင်ထားသည်။ သို့သော်.....ကျွန်ုပ်အထင် စင်စင်ကြီး လွဲချော်သွားသည်။ ထို့ကြောင့်
သူတို့လေးတွေကိုကြည့်ပြီး အားရဝမ်းသာဖြင့် သာဓုလည်း ခေါ်မိပါသည်။ သြော်....`ပညာမည်းငြား
ထိုတရားလည်း ၊ ယောက်ျားတွင်သာ ၊မဟူရာဘူး ၊အမရာဒေဝီ၊ ဘေရီဓမ္မ၊ ဒိန္နာစသည် ၊အပ္ပကဟူ
နည်းငယ်မူကား ၊ လူဝယ်ထိုသို့၊မိန်းမတို့လည်း ၊မချို့ပညာ၊ ရှိတတ်စွာ၏`ဟူသော မဃဒေဝလင်္ကာကို
အမှတ်ရမိသည်။ ကျွန်ုပ်သွေးလှူခန်းမှာ သွေးဖောက်ပြီး သွေးလှူရမည်။လှူနေဆဲမှာပင် ရတနာသုံးပါး
ဂုဏ်တော်တွေကို ပွားများပြီး လူနာရှင်ကိုလည်း မေတ္တာပို့ပေးနေသည်။ ထို့နောက်ပက်လက်အနေ
အထားမှ ဘေးတစောင်းကိုငဲ့ကြည့်သောအခါ စာတမ်းတစ်ခုကို တွေ့လိုက်ရသည်။ `သင့်သွေးဖြင့်
သူတစ်ပါးအသက်ကို ကယ်ပါ`ဟူသော စာတမ်းဖြစ်သည်။ မှန်ပါသည်။ ယခုအချိန်မှာ ကျွန်ုပ်သည်
ကျွန်ုပ်၏ ခန္ဓာကိုယ်တွင်းမှ သွေးဖြင့် သူတစ်ပါးအသက်ကို ကယ်နေပါပြီ။ ကျွန်ုပ်ကဲ့သို့ပင် အခြားသော
အမျိုးသား/အမျိုးသ္မီးများလည်း သူတို့၏ ခန္ဓာကိုယ်တွင်းမှ သွေးများဖြင့် သူတစ်ပါးအသက်ကို ကယ်နေကြ
ပါပြီ။ လူသားတိုင်းသည် စားဝတ်နေရေးအတွက် ဘဝမှာ နေ့စဉ်နေ့တိုင်း ရုန်းကန်လှုပ်ရှားနေရသည်။
စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားရင်းဖြင့်ပင် ရက်ပေါင်းများစွာ နေ့ပေါင်းများစွာကို ဖြတ်သန်းလာခဲ့
ကြသည်။`ကုသိုလ် ပညာ၊ ကိုယ်ကျန်းမာနှင့်၊ဥစ္စာတန်ဘိုး ၊တစ်မျိုးမျိုးမှ ၊ မတိုးမတက် ၊ထိုနေ့တွက်
သက်သက်ဝမ်းနည်းဖွယ်` ဆိုသလို ကိုယ်ဖြတ်သန်းလာခဲ့သော ရက်တစ်ရက် နေ့တစ်နေ့မှာ ကိုယ့်
အတွက် ကုသိုလ်၊ ပညာ၊ ကျန်းမာရေး ၊ ဥစ္စာတို့တွင် တစ်ခုခုသည် ကောင်းမွန်စွာတိုးတက်နေရမည်။
သို့မှသာလျှင် ဘဝမှာ နေပျော်ဖို့ကောင်းလှသည်။ ထိုသို့မဟုတ်လျှင် ဖြတ်သန်းလာခဲ့ရသော နေ့ရက်
တွေသည် အချည်းနှီးဖြစ်သလို ဝမ်းနည်းစရာလည်း ကောင်းလှသည်။
2013နှစ်သစ်၏ အဖွင့်ရက်ကို သူတစ်ပါးတွေ ဘယ်လိုဖြတ်သန်းကြသည် မသိ ။ သိလည်း မသိချင်
ပါ ။ သိဖို့လည်း လိုလိမ့်မည် မဟုတ်ပါ ။ ကျွန်ုပ်အဖို့မှာ နှစ်သစ်၏ အဖွင့်နေ့ရက်ကို `သင့်သွေးဖြင့်
သူတစ်ပါးအသက်ကို ကယ်ပါ`ဆိုသော ဆောင်ပုဒ်လို သွေးလှူဒါန်းခြင်းတည်းဟူသော ကုသိုလ်ယူရင်းဖြင့်
ဖြတ်သန်းခဲ့ပါသည်။ ထို့ကြောင့် ထိုနေ့သည် ကျွန်ုပ်အဖို့မှာ နေပျော်ခဲ့ပါသည်။ သေမည်ဆိုလျှင်လည်း
သေပျော်ခဲ့ပါပြီ ။
သာကီမင်းသားလေး
1. 1. 2013
အင်္ဂါနေ့